Wednesday, March 2, 2011

ကယားတို့၏ လက်ထပ်ပွဲ ခိုးမဲကာခရိုး

ရေးသားသူ - အောလို
နေ့စွဲ - မတ်လ (၂) ရက်၊ ၂၀၁၁

ကရင်နီ (ကယား) လူမျိုးတွေဟာ  “ကာခရိုး ကာဟယ် (သို့) ကာခိုးမဲခိုးမာ” (ခေါ်) လက်ထပ်ထိမ်းမြှားပွဲကို အခု နွေရာသီ ရောက်ခါနီးချိန် ၂ လ၊ ၃ လအတွင်းမှာ ပြုလုပ်လေ့ရှိပါတယ်။  အဲဒီလက်ထပ်ထိမ်းမြှားပွဲကို ကျင့်သုံးပြုလုပ်တဲ့ သူတွေကတော့ အများအားဖြင့် ကရင်နီရိုးရာဓလေ့ကို ယုံကြည်ကိုးကွယ်တဲ့ ကရင်နီလူမျိုးတွေပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ လက်ထပ်ထိမ်းမြှားပွဲ ပြုလုပ်တော့ဆိုရင် ကောင်းမြတ်တဲ့ နေ့ရက်တွေကို သက်ကြီးရွယ်အိုတွေက ကြက်ရိုးထိုးခြင်းဖြင့် ရွေးချယ်မေးမြန်းရပါတယ်။ နောက်ပြီး လက်ထပ်ပွဲကို အနည်းဆုံး ၃ ရက် ၃ ည ကြာအောင် ပြုလုပ်ရပါတယ်။ အဲဒီအတွက် အလွန်ပဲ အကုန်အကျ များတယ်လို့ သိရပါတယ်။

လက်ထပ်ပွဲ အတောအတွင်းမှာဆိုရင် ကရင်နီရိုးရာဓလေ့ အစဉ်အလာအရ ကြက်တွေ၊ ဝက်တွေ သတ်ရပြီး ခေါင်ရည်တွေ အရက်တွေ၊ ဆန်ထမင်းတွေ၊ ဟင်းလျာတွေကို ချက်ရပါတယ်။ နောက်ပြီး လက်ထပ်ပွဲသို့ ကြွရောက်လာတဲ့ ဧည်သည့်တော်တွေကို ကြိုဆိုဧည့်ခံကျွေးမွေးရပါတယ်။ 

လက်ထပ်ပွဲအတွင်းမှာလည်း သတို့သားနဲ့ သတို့သမီးတို့ရဲ့ နှစ်ဦးနှစ်ဖက် ဆွေမျိုးတွေက ကိုယ့်သားသမီးတွေကို ချီးကျူးရွတ်ဆိုထားကြတဲ့ ကရင်နီရှေးဟောင်း ရိုးရာတေးသီချင်းတွေနဲ့ အပြန်အလှန် ဆိုကြပါတယ်။
သတို့သမီးအိမ်သို့ အစမ်း အလုပ်တွေ သွားလုပ်ရန် ပြင်ဆင်နေကြသော သတို့သားနှင့် သူ၏အဖော်များ

နောက်ပြီး လက်ထပ်ပွဲအတွင်းမှာဆိုရင် သတို့သားနဲ့ သတို့သမီးတို့က အလုပ်တွေ စမ်းလုပ်ရပါတယ်။ အစမ်းအလုပ်လုပ်ရာမှာ သတို့သားက သူ့သူငယ်ချင်း ၃၊ ၄ ယောက်လောက်နဲ့ သတို့သမီး အိမ်သို့ သွားပြီး ခြံပေါက်ခြင်း၊ ခြံခတ်ခြင်းတို့ကို လုပ်ရပါတယ်။ အလားတူ သတို့သမီးဖက်ကလည်း သတို့သားအိမ်သို့ သူ့အဖော်တွေနဲ့ သွားပြီး ရေခပ်ခြင်း၊ ခေါင်ရည်ငဲ့ခြင်း၊ ကြက်စာ ကျွေးခြင်းတို့ကို အစမ်းလုပ် လုပ်ရပါတယ်။


နောက်ဆုံးမှာဆိုရင် သတို့သားနဲ့ သတို့သမီးတို့ နှစ်ယောက်ရဲ့ ရှေ့ရေး အိမ်ထောင်ရေးအတွက်  “ဖုကျော်” ခေါ် သက်သေတွေဖြင့် ဂတိသစ္စာတွေ ပြုကြရတယ်။ သက်သေတွေကို လူကြီးသက်သေအဖြစ် သတို့သား မိဘဖက်က တစ်ဦး (သို့) နှစ်ဦး၊ သတို့သမီးဖက်က တစ်ဦး (သို့) နှစ်ဦး၊ လူငယ်သက်သေတွေအဖြစ် သတို့သားဖက်က တစ်ဦး (သို့) နှစ်ဦး၊ သတို့သမီးဖက်က တစ်ဦး (သို့) နှစ်ဦး တို့ကို ခေါ်ကြရပါတယ်။

ကရင်နီလူမျိုးတွေဟာ လက်ထပ်ထိမ်းမြှားပွဲကို ၂ မျိုး ၊ ၂ စား ခွဲခြားထားပါတယ်။ “ ခိုးမဲဖုသယ်” လို့ ခေါ်တဲ့ လူပျို လက်ထပ်ပွဲနဲ့ “ ခိုးမဲမို့ပရဲ” လို့ ခေါ်တဲ့ လူအို လက်ထပ်ပွဲ ဆိုပြီး ခွဲခြားကျင်းပခဲ့ကြပါတယ်။


“ခိုးမဲဖုသယ်” အပျို၊ လူပျို လက်ထပ်ထိမ်းမြှားပွဲဟာ သား၊ သမီးနဲ့ မိဘ နှစ်ဦးနှစ်ဖက်အပါအဝင် မိဘဆွေမျိုးတွေအားလုံး သဘောတူပြီး စေ့စပ်ကြောင်းလမ်းအပြီး လက်ထပ်ပေးတဲ့ လက်ထပ်ပွဲ ဖြစ်ပါတယ်။ အပျို၊ လူပျို လက်ထပ်ပွဲဟာ နှစ်ဦးနှစ်ဖက် ချမ်းသာပြီး ကျွေးမွေးဧည့်ခံနိုင်တဲ့အတွက် “ ခိုးမဲဖုသယ်” လက်ထပ်ထိမ်းမြှားခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပြီး “ ခိုးမဲမို့ဖရဲ” လို့ ခေါ်တဲ့ လူအို လက်ထပ်ပွဲမှာ မိဘ၊ နှစ်ဦးနှစ်ဖက်က ဆင်းရဲပြီး အကုန်အကျမခံနိုင်တဲ့အတွက် မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေက စေ့စပ်ပွဲမှာကတည်းက သဘောတူထားပြီဖြစ်၍ အတူပေါင်းသင်းနေထိုင်ပြီး သား၊ သမီးတွေ ကြီးလာတဲ့အချိန်မှာမှ လက်ထပ်ပွဲ ပြန်လုပ်လေ့ရှိပါတယ်။

စေ့စပ်ပွဲအပြီး လက်ထပ်ပွဲ မပြုလုပ်နိုင်တဲ့ အပျို၊ လူပျိုတို့ဟာ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သွားနိုင်ရန် အတွက် ရပ်ရွာရှိ လူကြီး၊ သူမတွေကို ဖိတ်ခေါ်ကျွေးမွေးပြီး ကျနော်၊ ကျမတို့ လက်ထပ်ပွဲ မကျင်းပနိုင်တဲ့အကြောင်း၊ သား၊ သမီးတွေရရှိလာတဲ့အခါ အသက်အရွယ်ရရှိလာချိန်မှာ လက်ထပ်ပါ့မယ်လို့ ဂတိပြုပြီး ပေါင်းသင်းနေထိုင်လေ့ရှိပါတယ်။

ကရင်နီလူမျိုးတို့ဟာ လက်ထပ်ထိမ်းမြှားပွဲကို အလွန်တရာမှ အမြတ်တနိုးထားပြီး ကျင်းပခဲ့ကြပါတယ်။ ကရင်နီလူမျိုးတို့ဟာ လက်ထပ်ထိမ်းမြှားခြင်း ပြုလုပ်နိုင်မှသာ အကြင်လင်မယားအတွက် အိုအောင်၊ မင်းအောင် ပေါင်းသင်းနေထိုင်သွားနိုင်မှာ ဖြစ်တယ်၊ လက်ထပ်ထိမ်းမြှားမှသာ မွေးဖွားလာတဲ့ သား၊သမီး ကောင်းစားကြမယ်၊ ကြီးပွားချမ်းသာလာကြမှာ ဖြစ်တယ်လို့ ယုံကြည်လာခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ ကရင်နီလူမျိုးတွေဟာ လက်ထပ်လက်ထပ်ခြင်းအားဖြင့် နောင်လာမယ့် အိမ်ထောင်ရေးအတွက် ကောင်းစေတယ်၊ အဆင်ပြေစေတယ်ပေါ့နော်။ နောက်ပြီး ကျနော်တို့မွေးလာမယ့် သား၊သမီးတွေကို သူတို့ အနာဂတ်အတွက် ကောင်းစားစေဖို့ ကြီးပွားချမ်းသာစေဖို့ ရည်ရွယ်ပြီး လုပ်တာ ဖြစ်တယ်”  လို့ ကရင်နီရိုးရာဓလေ့နဲ့ ပတ်သက်ပြီး သိကျွမ်းသူ အသက် ၆ဝ ကျော်ရှိ အဘိုး ဘိုးရယ်က ပြောသွားပါတယ်။

ကရင်နီလူမျိုးတွေဟာ တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်ကြပြီဆိုရင် လက်ထပ်ယူကြဖို့အဆင့်ထိ ရောက်ဖို့အတွက် လက်ဆောင်တင်ခြင်း၊ စေ့စပ်ပွဲ ပြုလုပ်ခြင်းတို့ကို ရိုးရာစဉ်လာနဲ့ တဆင့်ပြီးတဆင့် ကျင်းပပြုလုပ်ရပြီး လက်ထပ်ထိမ်းမြှားပွဲက နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ လက်ထပ်ထိမ်းမြှားပွဲဟာ ကရင်နီလူမျိုးတွေအတွက် အိမ်ထောင်ရေး သာယာလှပစေခြင်း ဖြစ်သလို လက်ထပ်ယူကြသူ သတို့သား၊ သတို့သမီးတို့ရဲ့ မိဘနှစ်ဦးနှစ်ဖက်မှ တစ်ဦးနဲ့တစ်ဦးကိုလည်း ခမည်းခမက်လို့ စတင်အတည်ပြုခေါ်နိုင်ကြတာပဲ ဖြစ်ပါတယ်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons