Thursday, March 17, 2011

ပင်လုံစာချုပ်ကို ကရင်နီ မချုပ်ဆိုခဲ့

ရေးသားသူ - နှောင်းလှိုင်။
ဖေဖော်ဝါရီ ၁၂ ရက်

အခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ ကျရောက်ပြီ ဖြစ်ပေမယ့် ကရင်နီပြည်မှ ခေါင်းဆောင်တွေက ပင်လုံစာချုပ်ကို မချုပ်ဆိုခဲ့တဲ့အတွက် ပြည်ထောင်စုထဲမှာ မပါဝင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း ပင်လုံမှာ ဗမာပြည်နဲ့ တောင်တန်းနယ်တွေ ပူးပေါင်းရေးအတွက် သဘောတူညီကြောင်း လွတ်လပ်ရေးရဲ့ ရှေးပြေး ဖြစ်တဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ အဲဒီပင်လုံစာချုပ်ကို ရှမ်းပြည်မှ စော်ဘွားတွေ၊ ချင်း၊ ကချင်ခေါင်းဆောင်တွေ၊ တောင်တန်းသားများ ညီညွတ်ရေး အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ ခေါင်းဆောင်းတွေ စုစုပေါင်း ၂၃ ယောက် ချုပ်ဆိုခဲ့ကြပေမယ့် ကရင်နီပြည်မှ ခေါင်းဆောင်တွေက မပါဝင်ခဲ့ပါဘူး။
ပင်လုံမှတ်ကျောက်တိုင်

ကရင်နီပြည်ဟာ ပင်လုံစာချုပ်ကို မချုပ်ဆိုခဲ့ရခြင်းမှာ လွန်ခဲ့တဲ့ ၁၈၇၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ဗမာဘုရင်နဲ့ ဗြိတိသျှအစိုးရတို့က ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်တပြည်အဖြစ် အသိအမှတ်ပြုဖို့ စာချုပ် ချုပ်ဆိုထားခဲ့တဲ့အပေါ် အခြေခံ၍ တသီးတခြား နေချင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) အတွင်းရေးမှူး ခူဦးရယ်က ပြောပါတယ်။
“ကျနော်တို့ ရှိရင်းအတိုင်း သွားကြရင် ကောင်းတယ် ဆိုတဲ့ သဘောထား အခြေခံ အောက်မှာ ပင်လုံညီလာခံ ကျင်းပတဲ့ အချိန်ခါတုန်းက စောဖျာ အကြီးအကဲတွေကို ဖိတ်ခေါ်ခဲ့သော်လည်းပဲ ကျနော်တို့ မသွားပဲနဲ့ နေခဲ့တယ်။ ဒါကတော့ ကျနော်တို့ တသီးတခြား ရှိခဲ့လို့ပဲ ကျနော်တို့ မပါခဲ့တာ ဖြစ်တယ်” လို့ ခူဦးရယ်က ပြောပါတယ်။

ပြည်ထောင်စု တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဥက္ကဌ ခွန်းမားရ်ကိုဘန်ကလည်း ကရင်နီပြည်ဟာ ဗမာဘုရင်နဲ့ အင်္ဂလိပ်အစိုးရတို့ လက်ထက်မှ သီးခြားလွတ်လပ်တဲ့ ပြည်ငယ်တပြည် ဖြစ်လာခဲ့ကြောင်း ပြီးခဲ့တဲ့လ ၃၁ ရက်နေ့ ကေအဲန်ပီပီ ဥက္ကဌ ထဲဘူးဖဲ ဈာပန အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

 “ကျနော် ဂုဏ်ပြုလိုတာကတော့ ကျနော်တို့ ကရင်နီဟာ သီးခြားလွတ်လပ်တဲ့  ပြည်တပြည် ဖြစ်တယ်။ ဒါကြောင့် အဲဒီသီးခြားလွတ်လပ်မှုကို ယုံယုံကြည်ကြည်နဲ့ ဆရာကြီးက ဆုပ်ကိုင်ထားတာ ဖြစ်တယ်။ ကျနော်တို့ ကရင်နီပြည်သူများကလည်း ဒါကိုယ့်သမိုင်း အမှန်ကို ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်” လို့ ခွန်းမားရ်ကိုဘန်က ပြောခဲ့ပါတယ်။

ကရင်နီပြည်ဟာ ပင်လုံစာချုပ်ကို မချုပ်ဆိုခဲ့ပဲ တသီးတခြား နေချင်တဲ့အတွက် မြန်မာပြည် ဖဆပလ အစိုးရမှ ကရင်နီပြည်ကို လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ စတင်ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နဲ့ ကရင်နီပြည်တပ်မတော် (ကေအေ)တို့ဟာ မြန်မာစစ်အစိုးရကို အခုအချိန်ထိ တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကေအဲန်ပီပီနဲ့ ကေအေတို့ဟာ အရင်တုန်းက ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်တပြည်အဖြစ် ယုံယုံကြည်ကြည်နဲ့ ဆုပ်ကိုင်ထားပြီး တသီးတခြား နေဖို့ လိုလားကြပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံ ဖယ်ဒရယ်ပြည်ထောင်စုထဲမှာ ပါဝင်ဖို့ လိုလားပါတယ်။

2 comments:

  1. ဟုတ်ပါတယ် ကျွန်မတို့ဟာသီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်တယ်ကျွန်မတို့ သမိုင်းကိုကျွန်မတို့လက်ခံရမယ် ဒါပေမဲ့ လက်ရှိအခြေအနေမှာဘယ်အရာကကျွန်မတို့ ကရင်နီလူမျိုးတွေအတွက်အကောင်းဆုံးဖြစ်မလဲ ဆိုတာကိုစဉ်းစားဖို့တော့လိုလာပြီထင်ပါတယ်

    ReplyDelete
  2. ကျွှန်တော်တို့ ကရင်နီနယ်မှာ အဖွဲ့ အစည်းတွေအများကြီးပါ အလုံးက ကိုယ့်လူမျိုး လွတ်မြောက်ဖို့ တိုးတက်ဖို့ လုပ်ကြတာချင်းတူ ကရင်နီနယ်က အဖွဲ့ အားလုံးတသွေးတည်းတသားထဲဖြစ်ချင်တယ်.......
    ပြည်နယ်ကအားလုံးသွေးစည်းမှ ပြည်နယ်ကို ကာကွယ်နိုင်မယ်.......ယခုအစိုးရပေးတဲ့ စည်းစိမ်အပေါ်ပျော်နေကြတဲ့ ကရင်နီ စစ်သားတွေ ......ပြည်သူအတွက်လား ...အဖွဲ့ အစည်းက လူဆိုပြီး ပြည်သူတွေကို မလေးစား မြို့ ပေါ်မှာ ကြွနေကြတယ် အစိုးရပြောတာနားထောင်နေတယ်ပေးတာနဲနဲလေးကိုကိုစားနေရရင်ပြီးရော် ကျေနပ်နေကြတယ်..........အားလုံးအတူတူပါပဲ .......ခံရတာက ပြည်သူတွေ ကျွှန်တော် ကယားပြည်နယ်သားပါ.......

    ReplyDelete

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons