လျှပ်စစ်ဓတ်တိုင်အနားမှာနေပြီး လျပ်စစ်မီးမထွန်းနိုင်တဲ့ ရွာတွေထဲမှာ ဒေါဖိုးကြည်ဆိုတဲ့ရွာလေးလည်း ပါနေပါတယ်။ အိမ်ခြေ ၂၀၀ ၀န်းကျင်လောက်ရှိတဲ့ ဒေါဖိုးကြည်ဟာ ကရင်နီပြည် လွိုင်ကော်မြို့နဲ့ ကပ်လျက်ရှိနေပါတယ်။
ဒီးမော့ဆိုမြို့ကနေ လာမယ်ဆိုရင် လွိုင်ကော်မြို့ရဲ့ အ၀င်ဝလေးနားမှာပါ။ ရွာရဲ့ရှေ့မှာ လွိုင်ကော်နဲ့ ဒီးမော့ဆိုကို သွားတဲ့ ကားလမ်းမကြီးရှိပါတယ်။
ကားလမ်းနံဘေးမှာဆိုလျှင် လွိုင်ကော်မြို့ကနေ ဒီးမောဆိုမြို့ကို လျှပ်စစ်တိုင်တွေ သွယ်တန်းသွားပါတယ်။ လျှပ်စစ်ဓါတ်တိုင်တွေက အိမ်နံဘေးမှာ ဖြတ်သွားတယ်ဆိုပေမယ့်လို့ ဒီရွာလေးဟာ လျှပ်စစ်မီးမထွန်းနိုင်ကြပါဘူး။ ဒါကလည်း နှစ်ပေါင်းတော်တော်လေး ကြာခဲ့ပါပြီ။
ကရင်နီ ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓါတ်တိုင် (ဓါတ်ပုံ-ကေတီ) |
မေး… အိမ်တွေမှာ မီးကြိုးသွယ်တာ မတွေ့ဘူး။ ညည ဘာတွေထွန်းကြလဲ။
ဒေသခံ လူငယ်သုံးယောက်ထဲက တယောက်က… ညညဆို ဆီမီးခွက်နဲ့ ဖယောင်းတိုင်ထွန်းပါတယ်၊ ကလေးတွေလည်း ညဘက်ဆို
ဖယောင်းတိုင်နဲ့ပဲ စာကျက်ကြပါတယ်။
မေး… လူငယ်တွေအနေနဲ့ ကိုယ်ရပ်ရွာကို ဘယ်လိုဖြစ်စေချင်လဲ။
လူငယ်… ကျနော်တို့ ရပ်ရွာအတွက်လျှပ်စစ်မီး ရချင်ပါတယ်။
မေး… အကယ်၍ လျှပ်စစ်မီးရရင်ဘာလုပ်မလဲ။
လူငယ်… အဓိက စာကျက်ဖို့ပါပဲ ညီငယ်ညီမငယ်တွေ ကျောင်းတက်နိုင်ဖို့စာကြည့်နိုင်ဖို့အတွက်ပဲ အရေးကြီးပါတယ်။ စာကြည့်ဖို့အတွက် ဖယောင်းတိုင်နဲ့ဆိုရင် သိပ်အဆင်မပြေတော့ဘူး။
မေး… မီးရရင် TV ရုပ်မြင်သံကြားတွေ ကြည့်လို့ရတာပေါ့နော်။
လူငယ်… ဟုတ်ပါတယ် ။ အဲ့ဒါတွေလိုပါတယ်။
လူငယ်တစုနဲ့ တွေ့ပြီးတဲ့နောက်မှာ အသက် ၆၀ အရွယ်ရှိပြီ ဖြစ်ဒေါ်ဗြားမာနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
ဒေါ်ဗြားမာဟာ ဒေါဖိုးကြည်ရွာမှာ မွေးခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ လုံးလုံး မီး တခါမှမရကြပါဘူး။ အဒေါ်က မီးလိုချင်တယ်လို့ ပြောပါတယ်။ မီးရခဲ့ရင် သူမရဲ့ မြေးလေးတွေ စာဖတ်ဖို့အဆင်ပြေမှာ ဖြစ်သလို ရပ်ရွာအတွက်လည်း အကျိုးရှိမှာဖြစ်တယ်လို့ ဒေါဗြားမာက ပြောပါတယ်။
“လျှပ်စစ်မီးလိုချင်လွန်းလို့ရွာမှာ ပိုက်ဆံတွေ ကောက်ပြီး စုငွေတွေလုပ်ကြပါတယ်” လို့ ဒေါ်ဗြားမာက ပြောပါတယ်။
ဒေါ်ဗြားမာနဲ့ စကားပြောနေချိန်မှာ အဒေါ်ရဲ့တူမက ငွေစုရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျပ် သိန်းရာနဲ့ချီပြီး စုရတယ်ဆိုလားလို့ သူမဘက်ကိုလည့်ပြီး အသေးစိတ် ထပ်မေးကြည့်ပါတယ်။
မေး… မီးရဖို့စုငွေတွေ လုပ်တယ်ဆိုတော့ ဘယ်နှစ်နှစ်လောက်ရှိနေပြီလဲ။
ဒေါ်ဗြားမာတူမ… သုံးနှစ်ရှိသွားပါပြီ (ကျပ်) သိန်းလေးရာရဖို့ သုံးနှစ်ရှိပြီ။ အခုထိ ငွေကမပြည့်သေးဘူး။
မေး… ရွာသားတွေရဲ့ ကိုယ်ထူကိုယ်ထ စုငွေက သုံးနှစ်အတွင်းသိန်းနှစ်ရာရတယ်။
အဲ့ဒီသိန်းနှစ်ရာကို ထရမ်စဖေါ်မာနဲ့ ဝယ်လိုက်တယ်။ အခုသိန်းနှစ်ရာကျော်ထပ်စုမယ်။ အဲ့ဒီ
သိန်းနှစ်ရာကျော်က ဘာအတွက်လဲ။
ဒေါ်ဗြားမာတူမ … မီးကြိုးတွေဝယ်ရမယ်။ ရပ်ကွက်ထဲမှာ သွယ်တန်းရမယ့် ဓာတ်တိုင်တွေကိုယ့်ဘာသာကိုယ် ဝယ်ရမှာဖြစ်တယ်။
မေး… ဒီရွာမှာအစ်မတို့ ဘာတွေလုပ်ကိုင်စားသောက်ကြလဲ။ ယက်ကန်းယက်တယ်နော် နွားမွေးတယ် တခြားဘာတွေလုပ်လဲ။
ဒေါ်ဗြားမာတူမ … နွားမွေးတယ်၊ ဝက်မွေးတယ်။
မေး… ဒီရွာမှာဝင်ငွေရဖို့ ဘာတွေရောင်းလဲ။
ဒေါ်ဗြားမာတူမ … ထွေထွေထူးထူးမရှိပါဘူး။
မေး… ယက်ကန်းတွေယက်တာကော ရောင်းလို့မရဘူးလား။
ဒေါ်ဗြားမာတူမ … ရောင်းလို့မရပါဘူး အိမ်သုံးဖို့ပါပဲ ဝင်ငွေအတွက်တော့ ကျပန်းအလုပ်တွေပဲ လုပ်ရပါတယ်။
မေး… စပါးတွေရိတ်တယ်နဲ့တူတယ် ရွာမှာတောင်ယာတွေ လယ်ယာတွေရှိလား။
ဒေါ်ဗြားမာတူမ … ဟုတ်ပါတယ် ကျမတို့ရွာမှာ လယ်ယာတွေလုပ်ကိုင်စားသောက်ပါတယ်။
ဒေါဖိုးကြည်တရွာတည်းတော့ မဟုတ်ပါဘူး။ ဒေါဖိုးကြည်လိုပဲ လျှပ်စစ်အစား ဖယောင်းတိုင်နဲ့
ထင်းရူးဆီကိုပဲ နှစ်ပေါင်းများစွာ သုံးလာခဲ့ကြတဲ့ရွာတွေ ကရင်နီပြည်မှာ မနည်းလှပါဘူး။ ကရင်နီပြည်မှာ ထွက်တဲ့လျှပ်စစ်ကို ကရင်နီပြည်သူပြည်သားတွေကသုံးပိုင်ခွင့်မရှိတဲ့အတွက် ကရင်နီတပ်မတော်တွေက လျှပ်စစ်ဓာတ်တိုင်ကို ပစ်ခတ်မှုတွေပြုလုပ်ပါတယ်။
ဒါကိုအကြောင်းပြုပြီး အစိုးရဖက်ကနေ ဓာတ်တိုင်နံဘေးရဲ့ ပတ်ပတ်လည်မှာ မြေမြုပ်မိုင်းတွေ ချထားတတ်ပါတယ်။ အဲ့ဒီမြေမြုပ်မိုင်းတွေက တပ်တွေကိုမထိပဲ ဒေသခံရွာသားကို ဒုက္ခပေးစေတတ်ပါတယ်။ အထူးသဖြင့် နွားကျောင်းထွက်တဲ့ကလေးတွေ၊ ငှက်ပစ်ထွက်တဲ့ ကလေးတွေအတွက် အင်မတန်မှ စိုးရိမ်စရာကောင်းလှပါတယ်။
“စက်ရုံကို သူများလာမဖျက်ဆီးဖို့အတွက် အကာအကွယ်တွေ လုပ်ဖို့ဓာတ်တိုင်
နံဘေးမှာ မြေမြုပ်မိုင်းတွေ ချထားပါတယ်။ မြေမြုပ်မိုင်းတွေကို တော်တော်များများ ချထားကြပါတယ်။ သောင်းဂဏန်းနဲ့ချီပြီး ချထားကြပါတယ်။ မတ်လ ၂၁ ရက် (၂၀၁၂) ကဆိုရင် (၆)မိုင်အနားမှာ ထောင်ထားတဲ့မြေမြုပ်မိုင်းကို ကလေးတွေ သွားဖြုတ်တယ်။ ငှက်ပစ်တဲ့ ကလေးသုံးယောက်ကနေ သွားဖြုတ်တယ် ။ ကလေးဆိုတော့လည်း မသိလို့ ဓာတ်တိုင်အနားမှာ ထောင်ထားတဲ့ မိုင်းကိုဖြုတ်ပြီး သစ်ပင်အောက်မှာ သွားပြီးဆော့ကစားကြတယ်။ ဆော့ကစားရင်းနဲ့ မိုင်းကပေါက်တော့ ကလေးနှစ်ယောက်ဆုံးသွားတယ်။ နှစ်ယောက်ဒဏ်ရာရသွားတယ်။
ဒဏ်ရာရတဲ့အထဲမှာ လူကြီးတစ်ယောက်ပါတယ်။ မိုင်းကို ဆော့ကစားနေတဲ့ ကလေးက သုံးယောက်ပေါ့။ လူကြီးတယောက်က ကလေးကိုသွားခေါ်မလို့လုပ်ရင်း မိုင်းကတခါတည်းပေါက်တော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာရသွားတဲ့ ကလေးတယောက်နဲ့ လူကြီးတယောက် အခုလွိုင်ကော်ဆေးရုံမှာ တက်နေရတယ်။ (၆) မိုင်က လွိုင်ကော်နဲ့ ဒီးမောဆိုသွားတဲ့ လမ်းမကြီးနံဘေးမှာပဲ။ လူတွေနေတဲ့ ရွာနဲ့မြို့တွေကြားမှာတောင် မိုင်းထောင်ထားတယ်ဆိုတော့ လောပိတစက်ရုံအနီးအနားမှာဆိုရင် မြေမြုပ်မိုင်းတွေ ရှိနေပါတယ်။”
ကရင်နီဖွံ့ဖြိုးရေးသုတေတနအဖွဲ့ KDRG မှ တာဝန်ခံ ခူတော်ရယ်ပြောပြတာ ဖြစ်ပါတယ်။
“အမှန်တော့ ဒီလျှပ်စစ်မီးဟာ ကျနော်တို့ ကရင်နီပြည်အတွက် အကျိုးရှိဖို့လိုတယ်။ မြန်မာပြည်အထက်ပိုင်းမှာ သွားရင်သွားပါစေ ဒါပေမယ့် ကရင်နီပြည်သူပြည်သားတွေကို ဒုက္ခမပေးဖို့လိုအပ်တယ်။ အခုက အဲ့လိုမျိုးမဟုတ်ဘူး။ ပြောင်းပြန်ဖြစ်နေတယ်။ ဆန့်ကျင်ဘက်လိုဖြစ်နေတယ်။ ခုဟာက ဖွံ့ဖြိုးရေးလို့ဆိုပြီး ပြည်သူတွေအတွက် အကျိုးမရှိဘဲ ပြည်သူတွေကို ဒုက္ခပေးနေတယ်။ လူထုအတွက်အကျိုးမရှိဘူး။ လျှပ်စစ်စက်ရုံနဲ့ နီးတဲ့သူ ဓာတ်တိုင်နဲ့ နီးနေတဲ့ပြည်သူတွေကို မီးပေးသင့်တယ်။ လူတွေကို ဒုက္ခပေးစေမယ့် မြေမြုပ်မိုင်းတွေကို ဖြုတ်ပစ်ဖို့လိုမယ်။ အခုစက်ရုံနဲ့ နီးတဲ့လူတွေရဲ့ သွားလာရေးနဲ့ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေရှိတယ်။ ရှုပ်ထွေးမှုတွေလည်း ဖြစ်စေတယ်။”
အခုချိန်ဟာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့ကြားမှာ နှစ်ဦးနှစ်ဖက် ပစ်ကြခတ်ကြတာတွေရပ်ဖို့ ပဏာမသဘောတူ လက်မှတ်ရေးထိုးကြတဲ့ အချိန်ကာလပါ။ ယခုလို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေထဲမှာ ကရင်နီပြည်ကြီး အလင်းရောင်ရဖို့ လျှပ်စစ်မီး
ကိစ္စတွေလည်း ပါဝင်ဆွေးနွေးကြတာကို တွေ့ရပါတယ်။
“စက်ရုံရှိမှ တခြားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ယိုးဒယားမှာလည်း အလားတူလုပ်နေတာဘဲ။ ဒါကိုကျနော်တို့ ကန့်ကွက်နေတာတော့ မဟုတ်ပါဘူး။ သို့သော်… အဲ့ဒီကထွက်တဲ့ လျှပ်စစ်မီးတွေဟာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ… ရန်ကုန်သွားတယ်ဗျာ… မန္တလေးသွားတယ်ဗျာ... အစိုးရအဆောက်အဦးကြီးတွေမှာ သွားတယ်ဗျာ… ဒေသခံတွေမှာ ကျနော် မိတ်တုတ်မိတ်တုတ်နဲ့ ပိုးစုန်းကျူးမြို့လို့တောင် ကျနော်တို့တင်စားတယ်။ အဲ့ဒီအခြေခံလေးတွေကို စဉ်းစားပြီးတော့မှ ပြောတာပါ။ ကျနော်တို့ကန့်ကွက်နေတာတော့ မဟုတ်ဘူး။”
ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့ ကရင်နီပြည်လွိုင်ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာမှာ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီအကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲမှာ KNPP အတွင်းရေးမှူး-၁ ခူဦးရယ် ပြောကြားသွားတာပါ။
အစိုးရနဲ့ KNPP တို့အကြား ပဏာမအဆင့် အပစ်ခတ်ရပ်စဲရေးသဘောတူပြီးတဲ့နောက် နှစ်ဦးနှစ်ဘက်ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အမှတ် -၂ လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီး ဦးခင်မောင်စိုးက အခုလိုပြောပါတယ်။
“ဒီနေ့ ကယားပြည်နယ်ကတော့ ကျနော်သိရသလောက် ရှားတောဆိုရင် ဦးစားပေးတဲ့အထဲမှာ ပါတယ်။ နောက်ပြီးတော့ ဒီဘက်က အနောက်ဘက်ဆိုရင် ဦးစားပေးတဲ့အထဲမှာ ပါတယ်။ အခုလို ငြိမ်းချမ်းရေးရပြီးတော့ လုံခြုံရေးကောင်းလာပြီဆိုရင် ကျနော်တို့လျှပ်စစ်ပိုင်းက တောက်လျောက်ဝင်လာမှာပါ။ တောက်လျောက်ဝင်လာပြီဆိုရင် ကယားပြည်နယ် ဒီကျနော်တို့ သက်တန်းငါးနှစ်အတွင်းမှာ မရဘူးဆိုတာမရှိဘူး။ ၂၅ရာခိုင်နှုန်းလောက်… အရမ်းဝေးလှန်နေခဲ့တဲ့ ဒေသတွေတို့ လျှပ်စစ်ဓါတ်အားရသွားမှာဖြစ်ပါတယ်။”
သတင်းစာရှင်းလင်းပွဲမှာ လျပ်စစ်ဝန်ကြီးဌာန၀န်ကြီး ဦးစိုးသိန်းကလည်း ယခုလို ဖြည့်စွက်ပြောဆိုသွားပါတယ်။
“political issue ကိုဆွေးနွေးနေတဲ့ တပြိုင်နက်မှာဘဲ ဖွံ့ဖြိုးရေးလုပ်မယ်။ အဲ့ဒီဖွံ့ဖြိုးရေးတွေက ပြည်ပကလှူတမ်းတဲ့ အဖွဲ့အစည်းတွေနဲ့ ပါဝင်လာနိုင်တဲ့အတွက်ကြောင့် တချို့လမ်းတွေ ပြုပြင်ဖို့… စဉ်းစားစရာအကြောင်းတွေအများကြီးပါမှာပါ။ ဒီကယားပြည်နယ်-ကရင်နီပြည်နယ် အနေနဲ့ သိပ်မခက်ခဲတာကတော့ လူဦးရေနည်းပါးခြင်း၊ မြို့အရေအတွက်နည်းပါးခြင်း ဖြစ်တဲ့အတွက်ကြောင့် တော်ရုံတန်ရုံကူညီလိုက်မယ်ဆိုလို့ရှိရင်တော့ မကြာခင်မှာ ဖွံ့ဖြိုးလာလိမ့်မယ်၊ လမ်းတွေလဲကောင်းလာမယ်၊ မီးတွေလဲကောင်းလာမယ်လို့ ကျနော်ယုံကြည်ပါတယ်။”
ဒါကတော့ကျနော်တို့နိုင်ငံ ၊ ကျနော်တို့ပြည်နယ်ကို စီမံခန့်ခွဲနေတဲ့အစိုးရ၊ ကျနော်တို့ပြည်သူ
တွေကို စီမံအုပ်ချုပ်မယ့်သူတွေရဲ့ဆွေးနွေးချက်နဲ့ ပြောကြားချက်တွေပဲဖြစ်ပါတယ် ။
“လျှပ်စစ်က ကရင်နီပြည်မှာ ၂၀ ရာခိုင်နှုန်းသုံးတယ်ဆိုရင် မီကာဝတ် ၄၀ လောက်ရှိမယ်။ ဒါပေမယ့် ကရင်နီပြည်မှာလျှပ်စစ်ရတဲ့နေရာက လွိုင်ကော် ၊ ဒီးမောဆို ၊ ဖရူဆိုနဲ့ အရင်နှစ် (၂၀၁၁) ကဆိုရင်ဘောလခဲ ကိုရောက်လာတယ်။ အဲ့လောက်ပဲ။ လွိုင်ကော်တောင်မှ အကုန်မရပါဘူး။ လုပ်ငန်းကြီးတွေ စက်ရုံနဲ့ ရုံးတွေမှာလောက်ပဲ ရပါတယ်။ မြို့ရဲ့နံဘေးဖက်မှာဆိုရင် မီးအားမရှိဘူး။ တချို့ ထမင်းချက်တာတောင်မကျက်ဘူး။ နေ့ခင်းတွေမှာတောင်မီးအားမရှိဘူး။ ဒါကြောင့်ကျနော်ထင်တယ် ကရင်နီပြည်မှာသုံးနေတဲ့မီးအားဟာ မီကာဝတ် ၄၀ မရှိဘူး။ ရေကာတာတည်ဆောက်တဲ့အချိန်ကစပြီး ဆောက်ပြီးတဲ့အထိ ကျေးရွာပေါင်းနှစ်ဆယ်လောက် အတင်းပြောင်းရွှေ့ နေထိုင်ခဲ့ကြရတယ်။ အိမ်ခြေနဲ့တွက်ရင် ၂၀၀၀ လောက်ရှိတယ်။ ဆိုတော့ အဲ့လောက်အိမ်ခြေနဲ့ဆိုရင် လူဦးရေသောင်းနဲ့ချီပြီး ရွှေ့ပြောင်းခဲ့ရမလားပေါ့။ စက်ရုံဆောက်ပြီးတဲ့အချိန် လူတွေထပ်ပြီးရွှေ့ပြောင်းရပါသေးတယ်။”
KDRG တာဝန်ခံ ခူတော်ရယ်ကဆက်လက်ရှင်းပြသွားတာပါ။
ဒေါဖိုးကြည်ရွာကနေ မထွက်ခွာခင် ကားလမ်းမနဲ့လျှပ်စစ်ဓါတ်တိုင်နှံဘေးက အိမ်လေးထဲကိုဝင်ပြီး နှုတ်ဆက်စကားပြောခဲ့တဲ့အချိန်မှာတော့ အိမ်ရှေ့ဝါးရံတန်မှာ ၁၀နှစ်အောက်ကလေးငယ်နှစ်ယောက်နဲ့ အတူထိုင်နေတဲ့ မိခင်တစ်ဦးက….
“ကျမတို့ဘဝကတခါမှမီးမရတော့ပါဘူး…”
ဒေါဖိုးကြည်လို မီးမရတဲ့ကရင်နီဒေသခံတွေအတွက် လာမယ့်ရှေ့ အနာဂတ်မှာ မီးတွေ အသုံးပြုနိုင်ဖို့ ယခုလက်ရှိ KNPP နဲ့အစိုးရတို့ ကြားမှာ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုတွေ ဘယ်လောက်အထိ အလားအလာကောင်းမလဲ ဆိုတဲ့အပေါ်မှာ မူတည်နေတယ်လို့တော့ ပြောလို့မရပါဘူး။
အဓိက က လျှပ်စစ်ထွက်တဲ့ပြည်နယ်မှာ နေထိုင်လာခဲ့ကြတဲ့ ကရင်နီပြည်သူပြည်သားတွေအတွက် လျှပ်စစ်မီးသုံးနိုင်ဖို့ ဆောင်ရွက်ပေးရမယ့်သူက လက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အစိုးရပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအမှောင်ထုထဲမှာနေထိုင်လာခဲ့ကြတဲ့ ကရင်နီပြည်သူပြည်သားတွေ မကြာခင်မှာ အလင်းတန်းတွေခံစားခွင့်ရကြပါစေ…
မှတ်ချက်။ ။ ၂၀၁၂နှစ် ဧပြီလ ၁၀ရက်နေ့တွင် ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှ ထုပ်လွင့်ထားသော ရုပ်ရှင်မှတ်တမ်းကို ပြန်လည်ဖေါ်ပြထားခြင်းဖြစ်သည်။
No comments:
Post a Comment