Thursday, August 2, 2012

ရှားတောမြို့တွင် ကရင်နီစာပေ စတင်ပို့ချ

ရေးသားသူ - ကန္တာရဝတီတိုင်း(မ်)


ကရင်နီပြည်တွင်း၌ သင်ကြားပို့ချခွင့်မရသော ကရင်နီစာပေကို ရှားတောမြို့နယ်အတွင်း ပစ်ခတ်ရပ်စဲရေးကာလအတွင်း တွင်စတင်ပို့ချလျက်ရှိနေပြီလို့ သိရပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာပေ စတင်သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။

ကရင်နီစာ သင်ကြားပို့ချပေးနေတဲ့ ကရင်နီစာပေ အတွင်းရေးမှူး - ၁ ခူထွားရယ်က အခြေခံတတ်မြောက်မှုအဆင့်ကို ပထမဦးစွာသင်ကြားပို့ချပေးမှာ ဖြစ်တယ်လို့ပြောပါတယ်။

“ကျနော်တို့ ကရင်နီပြည်မှာရှိတဲ့ ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံးတွေ ကိုယ့်ကရင်နီစာပေ တတ်ခိုင်းချင်လို့ အဲဒီရည်ရွယ်ချက်နဲ့ သင်ပေးတယ်” လို့ ခူထွားရယ်က ပြောပါတယ်။

ဆရာကြီးထဲဘူးဖဲရဲ့ ကရင်နီစာပေကို ထိုင်း - မြန်မာနယ်စပ်နဲ့ ကရင်နီဒုက္ခသည်စခန်းတွေမှာသာ ဒီစာပေကို သင်ကြားနိုင်ကြလို့ ပြည်ပနဲ့  ဒုက္ခသည်စခန်းရှိ ကရင်နီလူမျိုးတွေသာ အများဆုံးတတ်မြောက်ကြတာ ဖြစ်ပါတယ်။

ဆရာကြီးခူထဲဘူးဖဲ တီထွင်ထားသော ကရင်နီစာ
ရှားတောမြို့နယ်က ကရင်နီစာပေလာရောက် သင်ကြားသူ အသက် ၂၀နှစ်အရွယ် အမျိုးသမီး တဦးက “အခု အက္ခရာ က.ခ.ဂ.င တွေ ဖတ်တတ်ပြီ။ စာက အရမ်းခက်တယ်။ ဆရာကတော့ ပြောပါတယ် ဒီစာသင်ပေးပြီး နောက်တဆင့် ထပ်သင်ပေးမယ်။ ပြီးရင် လူကိုပြန်ရွေးထုတ်ပြီး ကျေးရွာထဲမှာ အခြေခံနည်းပြ ပြန်လုပ်ခိုင်းမယ်လို့ပြောတယ်” လို့ ပြောပါတယ်။

စာသင်ချိန်ကို ညနေ ၅ နာရီမှ ည ၇ နာရီအထိသင်ကြားပြီး စနေနဲ့ တနင်္ဂနွေနေ့မှာတော့ နေ့လည် ၁ နာရီမှ ညနေပိုင်း ၃ နာရီအထိ သင်ကြားပို့ချပါတယ်။ ပထမဦးဆုံး ဖွင့်လှစ်တဲ့ ကရင်နီစာပေ သင်ကြားပို့ချရာမှာ ရှားတောမြို့မှ ကျောင်းသူ၊ ရွာသားများ၊ ရွာသူ၊ ရွာသားများ စုစုပေါင်း လူဦးရေ ၆၂ ဦး တက်ရောက်ကြတယ်လို့ ခူထွားရယ်က ပြောပါတယ်။

ရှားတောမြို့မှာ ပို့ချတဲ့ ကရင်နီစာပေကို ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၄ ရက်နေ့မှာ စတင်ပြီး တစ်လတိတိ သင်ကြားပို့ချပြီးပါက လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့ကိုလည်း ထပ်မံပို့ချသွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိပြည်တွင်းမှာ ကရင်နီစာပေ ၃ မျိုးရှိတဲ့ ဗမာဗျည်းအက္ခရာနဲ့ ရောမအက္ခရာကို အများဆုံးအသုံးပြုနေကြတာဖြစ်ပါတယ်။ မြန်မာအစိုးရကနေပြီး ဆရာကြီးထဲဘူးဖဲတီထွင်ထားတဲ့စာကို သင်ကြားခွင့် ပိတ်ပင်ခဲ့ပြီး ဗမာဗျည်းအက္ခရာတခုတည်းကိုသာ ပြည်တွင်း၌ လေ့လာသင်ယူဖို့ ခွင့်ပြုထားတာဖြစ်ပါတယ်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons