Thursday, July 12, 2012

ယုံကြည်မှုကို တည်ဆောက်နိုင်မည့် ကရင်နီ (ကယား) တို့၏ခေါင်ရည်

ရေးသားသူ - ကယားထဲ

ညရဲ့ထွန်းလင်းထားတဲ့ မီးသီးမီးရောင်အောက်က ကိန္ဒရီ၊ ကိန္ဒရာရုပ်က ယှဉ်တွဲလျက် ထိန်လင်းနေတဲ့ လွိုင်ကော်မြို့တော်ခန်းမ အဆောက်အဦးထဲက စင်မြင့်ထက်မှာ ကရင်နီတိုင်းရင်းသားမျိုးနွယ်စုတွေက ရိုးရာသံစဉ်၊ ရိုးရာအကတွေနဲ့ တင်ဆက်ကပြ နေကြပါတယ်။

အခုလို တိုင်းရင်းသားတွေ ရိုးရာအကတွေနဲ့ ကြိုဆိုဧည့်ခံတင်ဆက် ကပြနေကြတဲ့အချိန်က ကရင်နီပြည်နယ် ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် လာရောက်တွေ့ဆုံ ဆွေးနွေးကြတဲ့အချိန်ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်က ခေါင်းဆောင်တွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဘက်က ခေါင်းဆောင်တွေကို ပစ်ခတ်ရပ်စဲဖို့ ပြည်နယ်အဆင့် ပဏာမတွေ့ဆုံဆွေးနွေးပွဲ အပြီးမှာ ကြိုဆိုဧည့်ခံနေကြတာပါ။

နှစ်ပေါင်း၆၀အတွင်း ပြည်တွင်းမငြိမ်မသက်မှုတွေနဲ့ နေထိုင်လာရတဲ့ တိုင်းရင်းသားတွေဟာ ပထမဆုံးမျှော်လင့်ချက် ရောင်ခြည်ကို လက်ကမ်းကြိုဆိုနေကြတာပါ။ ဒီလိုအချိန်နဲ့ ဒီနေရာမှာတော့ ကြိုဆိုဧည့်ခံကြတဲ့ တိုင်းရင်းသားတွေ သွေးချင်းတွေက သူတို့ရိုးရာအက၊ အတီးအမှုတ်တွေအပြင် ရိုးရာအစားအသောက်ကိုလည်း မြင်တွေ့နေရမှာဖြစ်ပါတယ်။ ရိုးရာအစားအသောက်ထဲမှာ ကရင်နီပြည်နယ်ကို ရောက်လာတဲ့ ဧည့်သည်တွေတိုင်းကတော့ ခေါင်ရည်ရဲ့အရသာကို ကြိုက်နှစ်သက်ဆုံးလို့ ပြောရင်မလွဲနိုင်ပါဘူး။

ပဏမတွေ့ဆုံဆွေးနွေးပွဲ ပြီးတဲ့ညမှာပဲ မြန်မာအစိုးရဘက်က မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဦးဆောင်ဆောင်ရွက်ပေးနေတဲ့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့ တခြားပြည်ထောင်စုဝန်ကြီးတွေ၊ KNPP ဘက်က အတွင်းရေးမှူး (၁) ခူးဦးရယ်အဖွဲ့တို့က ကိုယ့်ရဲ့ ရိုးရာတွေဖော်ကျူးပြီး တဦးနဲ့တဦးအပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နေချိန်မှာလည်း ကရင်နီကထွက်တဲ့ ခေါင်ရည်ကလည်း မပါမဖြစ်ပါဘဲ။

မြန်မာနိုင်ငံ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းမှ ကရင်နီတို့၏ ရိုးရာခေါင်ရည်ကို သောက်နေစဉ် (ဓါတ်ပုံ-ကေတီ)
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက “ဒါက Champagne အရသာနဲ့တူတယ်။ Champagne နဲ့တူတယ်။ စွဲသွားရင်တော့ ခင်ဗျားတို့ ကယားပြည်နယ်ကနေ ကျနော့်ကိုနေ့တိုင်းပို့ပေးပေါ့” လို့ ပြောပါတယ်။

နှံစားပြောင်းကောက်ကိုချက်ပြီး ရေနွေးနဲ့ ဖြည့်ထားတဲ့ မြေအိုးထဲက ခေါင်ရည်ကို တစ်ချက်နှစ်ချက် စုပ်သောက်ရင်း ဝန်ကြီးဦးအောင်မင်းက ကရင်နီအမျိုးသား ခေါင်းဆောင်တွေကို နုတ်ဆက်ပြောလိုက်တာပါ။

Champagne အရသာနဲ့တူတယ်ဆိုတာက Champagne ဆိုတာက ပြင်သစ်ကလာတဲ့ ဝိုင်အမျိုးအစားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၁၃)ရာစုက ဝိုင်မပေါ်ခင်မှာ ဘာသာရေးပွဲတော်တွေ အသုံးပြုဖို့ သန့်ရှင်းတဲ့ရည်လို့ သတ်မှတ်ထားကြပါတယ်။ holy wine တမျိုးကနေစတင်ခေါ်ဝေါ် လာခဲ့ကြတာပါ။ အဲဒီ holy wine က Champagne ဒေသမှာကထွက်လို့ အဲဒီဝိုင်နာမည်ကို Champagne လို့အမည်ခေါ်တွင်လာကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ ကရင်နီတို့ရဲ့ ခေါင်ရည်ကို Champagne အရသာနဲ့တူတယ်လို့ လွိုင်ကော် မြို့တော်ခန်းမဆောင်ထဲမှာပဲ အသိအမှတ်ပြုသွားပါတယ်။ ကရင်နီပြည်နယ်ကခေါင်ရည်က တခြားဒေသဘက်မှာ ထွက်တဲ့ခေါင်ရည်နဲ့မတူလို့ဘဲ အရသာက တမူထူးခြားဖြစ်နေတာပါ။

ဒေသတွင်း မှာပဲစိုက်ပျိုးကြတဲ့ ဒေသအခေါ်အဝေါ်အရ ပြောင်းကောက်လို့ခေါ်တဲ့ နံစားပြောင်းနဲ့ ချက်ထားတာပါ။ အရင်ဦးဆုံး ချက်ထားတဲ့ပြောင်းကောက်ကို နှီးနဲ့ယက်လုပ်ထားတဲ့ဖျာပေါ်မှာ အအေးခံထားရပါတယ်။ အစီအရီဖြန့်ကျက် ထားပြီးတဲ့နောက်မှာ ဆန်မုန့်နဲ့လုပ်ထားတဲ့ တဆေးမှုန့်ကို ဖြူးရပါတယ်။ တဆေးဖြူးပြီးအအေးခံထားတဲ့ ပြောင်းကောက်ကို အင်ရွက်ခင်းထားတဲ့ တောင်းထဲကိုထည့်ရပါတယ်။
ကရင်နီအမျိုးသားတစ်ဦးမှ ကယားခေါင်ရည်ကို သောက်သုံးနေစဉ် (ဓါတ်ပုံ-ကေတီ)


တောင်းထဲပေါင်းထားပြီးရင် ကျလာတဲ့အရည်ကို စဥ့်အိုးနဲ့ ခံထားရပါတယ်၊ တစ်ညပေါင်းထားပြီးနောက်တစ်ရက်မှာဘဲ စဥ့်အိုးကြီးထဲကိုထည့်ထားရင်း တစ်ပတ်ဆယ်ရက်လောက်ထားပြီးရင် အဲဒီဖောက်ချလို့ ရလာတဲ့ အရည်ကတော့ခေါင်ကျရည်ပါဘဲ။ ပေါင်းထားတဲ့ ပြောင်းကောက်ကို တော့ရေနွေးနဲ့ စဥ့်အိုးထဲလောင်းထည့်ပြီး မီးနဲ့တစ်ည ကင်လိုက်ရင် နောက်ရက်ခေါင်ရည် ရပါပြီ။

ခေါင်ရည်သည် အနီဖျော့ဖျော့အရောင်ရှိပြီး သောက်လိုက်ရင် ပူရှိန်းရှိန်းအရသာနှင့် ရင်ထဲကို နွေးသွားတာပါ။ ရိုးရာယဉ်ကျေးမှု သီချင်းတွေရေးစပ်သီဆိုတဲ့ ကိုကီးရယ်က ̏အားလုံးတွေ့ဆုံတဲ့အခါလည်း ခေါင်ရည်သောက်ရင်းနဲ့ ပျော်ရွှင်တဲ့ အထိမ်းအမှတ် ဖြစ်စေပြီး မိတ်ထိဆွေထိဖြစ်စေတယ်˝လို့ပြောပါတယ်။

တဆက်တည်းမှာဘဲ “ရှမ်းမှာကလက်ဖက်၊ ဗမာဆိုရင် လက်ဘက်ရည်ကြမ်းနဲ့လက်ဖက်သုပ်၊ အင်္ဂလိပ်လူမျိုးတွေမှာဆို ၀ိုင်လိုမျိုးပေါ့၊ သူ့ယဉ်ကျေးမှုနဲ့သူရှိသလိုမျိုးပါ၊ ကယားမှာကတော့ ခေါင်ရည်ပေါ့˝ လို့ရှင်းပြပါတယ်။

ခေါင်ရည်ကို ကျေးလက်ဒေသတွေဘက်မှာ အိမ်တိုင်းလိုလို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့ ချက်ထားကြသလို ကရင်နီပြည်နယ်ရဲ့ မြို့တိုင်း ဆိုင်တိုင်းနဲ့ ဈေးတိုင်းတွေမှာလည်း အဝေးရောက်ဧည်သည်တွေက လာရောက်ဝယ်ယူ လေ့ရှိကြပါတယ်။

ကရင်နီပြည်နယ်ဒေသကထွက်တဲ့ ခေါင်ရည်ကတော့ လူကြီး၊ လူငယ်အားလုံးအတွက်တော့ မိတ်ဖြစ်ဆွေဖြစ် အဖြစ်ကနေ နိုင်ငံခေါင်းဆောင် တွေအထိကတော့ ရင်းနှီးမှုနဲ့ ယုံကြည်မှုကိုပိုပြီး ပိုပြီးရလာစေမည့် မေတ္တာလက်ဆောင်တခုပါဘဲ။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons