ကရင်နီပြည်နယ် တိုင်းရင်းသား လူမျိုးခေတ်အဆက်ဆက် ကတည်းက အမြတ်တနိုးနဲ့ အထွဋ်အမြတ်ထားတဲ့ ပစ္စည်းတခုအဖြစ်တဲ့ ဖားစည်ဟာ ယခုခေတ်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။
ဖားစည်ကို အိမ်မှာထားရှိခြင်းအားဖြင့် ဆန်ရေစပါးပေါကြွယ်ဝမယ်၊ ကျွဲ၊ နွားပေါများမယ်၊ စီးပွားဖြစ်မယ်၊ လာဘ်ကောင်းတယ်ဆိုပြီး တချို့ကရင်နီလူမျိုးတွေက တန်ဖိုးထားကြတယ်၊ ယုံကြည်ကြလို့ ကရင်နီစာပေနဲ့ ယဉ်ကျေးမှုဌာန ညွန်ကြားရေးမှူးက ပြောပါတယ်။
“ဖားစည်ကို သူတို့ (ကရင်နီ) က တန်ဖိုးရှိတဲ့ အမွေအနှစ်အနေနဲ့ သဘောထားကြတယ်။ နောက်ပြီး ယဉ်ကျေးမှုအနေဖြစ်လဲ သတ်မှတ်ထားကြတယ်။ ဘာလို့လဲဆိုတော့ အရင်နှစ်တွေတုန်းကဆိုရင် အိမ်သစ်တက်ပွဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဖားစည်တီးကြတယ်။ ဘယ်လောက်ထိမြတ်နိုးလဲ၊ အလေးအမြတ်ထားလဲဆိုတော့ ဖားစည်တီးမယ်ဆိုရင် မိုးရွာခိုင်းစေချင်ရင် တီးရင် မိုးရွာတယ်” လို့ ပြောကြတယ်။
ကယား(ကရင်နီ)ပြည်တွင်းရှိ ယဉ်ကျေးမှုပြတိုက်တွင် တွေ့မြင်ရသော ကရင်နီဖားစည် (ဓါတ်ပုံ-ကေတီ) |
ဖားစည်ကို တီးခြင်းအားဖြင့် ၁၈၅၀ နောက်ပိုင်း ပြည်နယ်ဦးစီးခေတ်တုန်းက စာဆိုတခုဖွဲ့ဆိုထားတာ ရှိပါတယ်။ “ဖားအော်မှ မိုးရွာ၊ မိုးရွာတော့ ရေကြီး၊ ရေကြီးတော့ သစ်ရ၊ ပင်လယ်ထဲရောက်တော့ တိုင်းပြည်ဝင်ငွေရရှိပါတယ်” ဆိုပြီး စာဆိုဖွဲ့ထားကြတာပါ။
ဒါ့အပြင် ကရင်နီနိုင်ငံတော် အလံနဲ့ တံဆိပ်တွေမှာလည်း ဖားစည်ပုံကို ထည့်သွင်းထားကြပြီး ဖားစည်ဟာ ကရင်နီပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုတွင် အထွဋ်အထိပ် ပစ္စည်းတခုဖြစ်ပါတယ်။
ဖားစည်ရဲ့ အလယ်ဗဟိုမှာ အရွယ်အစားတူညီစွာ ဖြာထွက်နေတဲ့ ရောင်ခြည်တန်းကတော့ ကရင်နီပြည်တွင်းရှိ လူမျိုးအားလုံးကို တန်းတူမှုအခြေခံမှုအပေါ် ပေါင်းစည်းထားတာကို ဖော်ပြတာဖြစ်ပြီး အလံတော်ရဲ့ အဖြူကွက်မှာ ထားရှိခြင်းကတော့ ကရင်နီပြည်တွင်းရှိ လူမျိုးတွေရဲ့ ဖြူစင်သန့်ရှင်းဖြောင့်မတ်တဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းစည်းထားတာကို ဖော်ပြခြင်းဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။
အခုလို စာဆို ဖွဲ့နွဲ့တာ၊ ယုံကြည်ကြတာ၊ အဓိပ္ပါယ်ဖွင့်ဆိုကြတာတင်မကပါဘူး ၁၉၄၈ ခုနှစ်နောက်ပိုင်း လွတ်လပ်ရေးရပြီးတဲ့နောက် ပထမဆုံးဝန်ကြီးချုပ် စောဝဏ္ဏ လက်ထက်တုန်းက ကယားကလူ (ကလို) ပွဲတော်ဆိုပြီး ပြည်နယ်အစိုးရကလည်း တန်ဖိုးထား ထိန်းသိမ်းပြီးတော့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရှေ့နှစ်ပေါင်းများစွာတုန်းက ဖားစည်ကို ကရင်နီပြည်နယ်ရဲ့ အရင်က ငွေတောင်ပြည်လို့ခေါ်ဆိုတဲ့ ငွေတောင် ပရေ့လဗဲ့ကျေးရွာမှာ သွန်းလုပ်ကြတာပါ။ ဒါပေမယ့် အများအားဖြင့် ဖားစည်ကို ပြုလုပ်တဲ့သူတွေကတော့ ယွန်းလူမျိုးတွေဖြစ်တယ်လို့လည်း ပြောပါတယ်။
“ယွန်းလူမျိုးတွေ ကရင်နီကိုလာပြီး ၀င်ရောက်နယ်ချဲ့တာ နှစ်ပေါင်း ၁၀၀ လောက်ရှိတယ်လေ။ အဲဒီတော့ သူတို့ရဲ့ ပညာတွေရှိတော့ ကယားပြည်နယ်မှာ လာရောက် သွန်းလုပ်တယ်လေ။ ကရင်နီလူမျိုးတွေက ယွန်းတွေကို သူတို့ဒေသကို ပြန်တိုက်ထုတ်နိုင်တော့ ပညာရှင်တွေကို ခေါ်ထားလိုက်တယ်။ ကောင်းကောင်းလေး လုပ်တတ်တော့ သူတို့ကိုပဲလုပ်ခိုင်းတယ်”
ဒီဖားစည်ဟာ တရုတ်နိုင်ငံကနေ ဆင်းသက်လာတာဖြစ်ပြီး ၀ပြည်နယ်ဘက်မှာ အများအပြားတွေ့နိုင်တယ်လို့ စာအုပ်စာပေတချို့မှာ ရေးသားထားတာရှိပါတယ်။ တရုတ်နယ်ကလာတဲ့ ဖားစည်တွေက ဖားရုပ်တွေနဲ့ အတွန့်အတက်တွေ သိပ်မရှိသလို အသံလည်း သိပ်မမြည်ဘူးလို့ ကရင်နီသမိုင်းကြောင်းတွေကို ရေးသားပြုစုသူလဲဖြစ်၊ ကရင်နီစော်ဘွားမျိုးနွယ်ဖြစ်တဲ့ ခူးဘျားရယ်ပေါလ်လူက ပြောပါတယ်။
ဖားစည်းပြုလုပ်ဖို့ဆိုတာ မခဲယဉ်းဘူးလို့လည်းဆိုပါတယ်။ ပထမဦးဆုံး ကိုယ်လိုချင်တဲ့ ဖားစည်ပုံစံကို ဖယောင်းနဲ့ လောင်းလိုက်ရပါတယ်။ ပြီးရင် ဖယောင်ခဲတွေအပေါ်မှာ ရွံ့မြေနဲ့ အကုန်ပြန်ပိတ်လိုက်ပါတယ်။ နောက်တော့ အပေါက်နည်းနည်းဖော်ပြီး သတ္တုကို အရည်ကျို လောင်းချလိုက်တော့ ဖယောင်းတွေက အရည်ပျော်သွားပြီး သတ္တုတွေက နေရာယူလိုက်တယ်။
မျက်နှာပြင်ပေါ်မှာရှိတဲ့ အလှဆင်အကွက်တွေကိုတော့ ၀ါးကို ပုံဖော်ပြီး ဖယောင်းတွေပေါ်မှာ ရိုက်နှိမ့်ထားတာ ဖြစ်ပါတယ်။
ဖားစည်းရဲ့မျက်နှာပြင်ပေါ်မှာဆိုရင် ဖားရုပ်၊ ငါးရုပ်၊ ကြယ်ရုပ်နဲ့ ကိုယ်ထည်မှာတော့ ဆင်ရုပ်ကို ထွင်းထုထားကြတယ်လို့ ထင်မှတ်ရပေမယ့် တလုံးနဲ့ တလုံးကတော့ မတူဘူးလို့ ခူးဘျားရယ်ပေါလ်လူက ပြောပါတယ်။
ဖားစည်များကို ပြုလုပ်သော ကရင်နီကျေးရွာတစ်နေရာ |
ဖားစည်ကို ကရင်နီပြည်နယ်မှာရှိတဲ့ လူမျိုးအားလုံးက အသုံးပြုကြပေမယ့် မျိုးနွယ်စုတခုနဲ့တခုကတော့ အသုံးပြုခြင်းနေရာသိပ်မတူကြပါဘူး။
အမှတ် ၂ ခရိုင်ဖြစ်တဲ့ ဘူးခိုကွားခီးဘက်မှာဆိုရင် ကရင်လူမျိုးတွေက အသုဘပွဲတွေမှာ ဖားစည်တီးလေ့ ရှိပါတယ်။ သေပြီးတာနဲ့ သဂြိုလ်ပြီးတဲ့အထိ ဖားစည်ကိုတီးပါတယ်။
ကယောဒေသနဲ့ ကယန်း(ပဒေါင်) ဒေသဘက်မှာတော့ အခါမင်္ဂလာဖြစ်တဲ့ အိမ်သစ်တက်ပွဲတွေမှာ တီးလေ့ရှိပြီး ကယားကတော့ အများအားဖြင့် ဒီးကူပွဲအချိန်တွေမှာတီးတတ်ပါတယ်။ နောက်ပြီး ကေးလျားဘက်မှာတော့ ငါးနှစ်တကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ တောလိုက်ပွဲကြီးမှာ တောကောင်တွေကိုပူဇော်ပသတဲ့ သစ်တောအုပ်ထဲမှာ ယူဆောင်သွားပြီး တီးကြပါတယ်။
၁၉၇၀-၇၅ ပတ်ဝန်းကျင်လောက်ရောက်တော့ စီးပွားရေး အကျပ်အတည်းဖြစ်လာတော့ တချို့လူတွေကလည်း ဈေးကောင်းကောင်းရတာနဲ့ ရောင်းထုတ်ကြတာ အများအပြားရှိပါတယ်။ ယွန်း(ထိုင်း)လူမျိုး၊ တရုတ်လူမျိုးတွေက ၀ယ်ယူကြပြီး သူတို့ရဲ့ ပြတိုက်တွေမှာ ပြန်လည်ပြီး ထားရှိကြတယ်လို့ ခူးဘျားရယ်ပေါလ်လူက ပြောတယ်။
“တော်တော်လေးကို ဖွက်ထားမယ့် ဝေးဝေးတယောက်လောက်ပဲကျန်မယ် ကျတော်ထင်တယ်။ တရွာတလုံး ကျန်ဖို့က ခပ်ခက်ခက်လို့ပဲ ယူဆရတာပဲကို မရှိတော့ဘူး။ တန်ဖိုးဘယ်လောက်ထားထား စီးပွားရေးပိုင်း ဆာလာလို့ရှိရင် မနေသာတော့ပဲ ရောင်းထုတ်ရတဲ့အခြေအနေမျိုးပေါ့ ခေတ်ပျက်တဲ့ အခြေအနေမျိုးမှာ သွားတိုးတာကို”
အရင်တုန်းက ဖားစည်ကို ပိုက်ဆံနဲ့မ၀ယ်ကြပဲ ရွှေနဲ့လဲလှယ်ကြတယ်။ ဖားတဆင့်ပဲရှိတဲ့ ဖားစည်ဆိုရင် ရွှေတကျပ်ခွဲ၊ ဖား၂ကောင်ဆင့်ဆိုရင် ရွှေ ၃ ကျပ်နှုန်းလောက်ရှိတယ်။ ဖား၃ကောင်ဆင့်ဆိုရင်တော့ ရွှေ ၄ ကျပ်လောက်ရှိတယ်။ အဲဒီအချိန်တုန်းကဆိုရင် ရွှေတကျပ်ကို မြန်မာငွေ ကျပ် ၃၀၀ လောက်ပဲရှိပါတယ်။ ဖားအဆင့်ကောင်ရေပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ကြပါတယ်။
အခုလက်ရှိ ကယောဒေသ၊ သံလွင်မြစ်နားက ပရေစိုးလဲဒေသနဲ့ ဒီးမော့ဆိုဘက်မှာ ဖားစည်အချို့ ကျန်ရှိနေသေးပေမယ့် ဒေသခံတွေအနေနဲ့ မထုတ်ပြတော့ပဲ သိမ်းထားကြတာရှိသလို ကက်သလစ်သနာ ကျောင်းတိုက်နဲ့ ယဉ်ကျေးမှုပြတိုက်တွေမှာတော့ တွေ့မြင်နိုင်ပါသေးတယ်။
သို့ပေမယ့် အခုခေတ်မှာ ဖားစည်ပြုလုပ်ပုံအဆင့်ဆင့်ကို မသိရှိကြတော့လို့ နှောင်ဆိုရင် ဖားစည်ဟာ ပျောက်ကွယ်သွားနိုင်တော့ ကရင်နီလူမျိုးတွေအနေနဲ့ မိမိတို့ရဲ့ ဖိုးဖွားခေတ်မှာ လုပ်ဆောင်နိုင်ကြတာကို ပြန်လည်လေ့လာဆည်းပူးကြပါ။
ကရင်နီရဲ့ ဇာတိသွေး၊ ဇာတိမာန်တွေကို တခါပြန်နိုးကြားအောင်လုပ်ပြီး ကိုယ့်အရည်အချင်းကိုလည်း မြှင့်တင်ဖို့၊ ပြသဖို့လိုလာပြီလို့ ခူးဘျားရယ်ပေါလ်လူနဲ့ ကရင်နီစာပေနဲ့ ယဉ်ကျေးမှုဌာန ညွန်ကြားရေးမှူးက တိုက်တွန်းပြောကြားသွားပါတယ်။
No comments:
Post a Comment