Wednesday, May 28, 2014

အယ်ဒီတာ့ထံပေးစာ

စစ်တပ်စွန့်လွတ်မြေများယခင်မူလလက်ငုတ်တောင်သူများထံ ပြန်မရောက်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာရှိမဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၁ မှ ၇၈)အထိ အောက်ဘေးဝဲယာ တစ်လျှောက်တွင် ရွာတည်ချိန်မှစ၍ ယာမြေဧက (၄၀) သည် ရွာတည်ချိန်မှ ၁၉၉၂ ခုနှစ် စစ်တပ်မသိမ်းမှီအထိမိမိတို့တောင်သူများသည် ယာမြေအဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ပါသည်။


၁၉၉၂ ခုနှစ် သြဂုတ်လတွင် အမှတ်၁၀၂ ခြေလျင်တပ်ရင်းမှ တာဝါတိုင် လုံခြုံရေးဟုအကြောင်းပြပြီးမိမိတို့ စိုက်ပျိုးထားသည့် ဖူးစာပြောင်းဧက(၄၀) ခန့်ကိုခုတ်ပစ်ရှင်းလင်းစေ၍ သိမ်းယူကာလွိုင်ကော်-မိုင်းလုံးရှိပအိုပ့်များထံသီးစားချထားသည်မှာယနေ့တိုင်ဖြစ်ပါသည်။

တပ်သိမ်း၍ကျန်ရှိသောမိမိတို့တစ်ဦးစီပိုင်ဆိုင်သည့် ယာမြေအနည်းငယ် စီကိုယနေ့အထိဆက်လက် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီးလယ်ယာမြေလုပ်ကိုင်ခွင့် မှတ်ပုံတင်ပုံစံ(၁၀၅)ကိုလည်းရရှိခဲ့ပြီးဖြစ်ပါသည်။

ယခင် မူလလက်ငုတ်မဟုတ်သူဦးလှမိုးနှင့် အပေါင်းပါ လူတစ်စုသည် လွန်ခဲ့သည့် ၂၀၀၅ ခုတွင် (၂၀) ဧကခန့်ကို၎င်း၊ ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ဦးခွန်းတော့ နှင့် အပေါင်းပါ လေးဦးတို့သည် ကျန်ရှိသည့် ဧက ၂၀ ခန့်ကို၎င်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များထံလက်ဝါးချင်းရိုက်ကာနည်းမျိုးစုံသုံး၍ မတရားရယူပြီးအကွက်ရိုက် ရောင်းစားခဲ့ပါသည်။

မိမိတို့ယခင် မူလလက်ငုတ်တောင်သူ (၁၇)ဦးသည် ယင်းတပ်စွန့်လွတ် ယာမြေကို ပြန်လည် စိုက်ပျိုးလုပ်ကိုင်ခွင့်ပြု ချထားပေးပါရန် ၂၀၁၃ခုနှစ် အောက်တိုဘာ၊နိုဝင်ဘာလတွင် ၂ကြိမ် ကယားပြည်နယ် အစိုးရ ၊ ပြည်နယ် ဝန်ကြီးချုပ်ထံအသနားခံစာတင်ပြလျှောက်ထားခဲ့သဖြင့် ယာမြေကိုမတရားရယူသောဦးခွန်းတော့နှင့် အပေါင်းအပါ (၄)ဦးနှင့် ပဋိပက္ခ ဖြစ်ခဲ့ရပါသည်။

အဆိုပါ ယာမြေကိစ္စနှင့် ပတ်သက်၍ ကျေးရွာအုပ်စုမြေယာအသုံးချမှု စစ်ဆေးရေးကော်မတီဥက္ကဌရုံးတွင် (၂)ကြိမ်စီညှိနှိုင်းမှု ပြုလုပ်သော်လည်း ပြေလည်မှုမရသဖြင့် မြို့နယ်မြေယာကော်မတီဥက္ကဌမှ မိမိတို့၏ ယာမြေပြန်လည် ရယူလိုပါက စွန့်လွတ်မြေများအား ပြန်လည်စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားကြရမည် ဟုသာညွန်ကြားခဲ့ပါသည်။

၂၀၁၄ခုနှစ် ဧပြီလတွင် မိမိတို့ ယခင်မူလလက်ငုတ် တောင်သူအဖွဲ့သည် စွန့်လွတ်မြေများ ပြန်လည် စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုပါရန် လျှောက်လွာများကိုကျေးရွာအုပ်စုမြေယာအသုံးချမှု စီစစ်ရေးကော်မတီဥက္ကဌထံတင်ပြလျှောက်ထားခဲ့ကြရာ ၂၀၁၄ မေလ (၂၅)ရက်တွင် မည်သည့် ကြောင်းကျိုးတစ်စုံတစ်ခုမျှ ပြောဆိုရှင်လင်းမှု မပေးဘဲမိမိတို့၏လျှောက်လွှာကိုပယ်ချလိုက်ပြီဖြစ်၍ ပြန်ယူသွားရန်သာပြောပါသည်။

တပ်မြေထိန်းသိမ်းစဉ်က ၄င်းတို့၏မြေယာမပါဘဲနည်းမျိုးစုံဖြင့် မတရားရယူအကွက်ရိုက် ရောင်းစားသူများနှင့် သီးစားချထားသူများ၏ လျှောက်လွှာကိုမူလက်ခံအတည်ပြု ၍ယာမြေချပေးသည်ကိုမိမိတို့ယခင်မူလလက်ငုတ်တောင်သူများအနေဖြင့် သဘောမပေါက် နားမလည်နိုင် ဖြစ်ရပါသည်။

သို့ဖြင့်ပါ၍ အမှတ်(၁၀၂) ခြေလျင် တပ်ရင်းမှ ပြန်လည်စွန့်လွတ်လိုက်သော ယာမြေသည် ယခင်မူလလက်ငုတ် တောင်သူများထံ လုံးဝ(လုံးဝ) ပြန်မရောက်ရှိပါကြောင်းသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် တကွ ပြည်သူလူထုသိရှိစေရန် တင်ပြလိုက်ရပါသည်။

ဆရာရိုမားနို

ဒေါငခံခါးရွာ ၊ ဒီးမော့ဆိုမြို့။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons