Wednesday, May 28, 2014

ဆိုလျားကူးရွာသားများမှ ထွန်တုံးတိုက်ပွဲကို ပြန်လည် ဆင်နွှဲကြ

နေထူး

ဖရူဆိုမြို့နယ်အတွင်း ယာမြေသိမ်းခံရသော ဆိုလျားကူးရွာမှ တောင်သူများ က ၎င်းတို့၏ ရွေ့ဆိုင်းခံရသော ထွန်တုံးတိုက်ပွဲ ဆင်နွဲရေးအစီစဉ်ကို ယမန်နေ့ (၂၇ ရက် မေလ) နံနက် မှာ ပြန်လည် ပြုလုပ်သွားခဲ့ကြသည်။


"ကျနော်တို့ စောင့်ရတာလည်း ၅ ရက်ရှိပြီကော ၅ ရက်ရှိပြီဆိုတော့ စိုက်ပျိုးရာသီ ဆိုတာက ဒီတစ်လမမီရင် နောက်တစ်လ ရွေ့လို့ရတဲ့အရာမျိုးမဟုတ်ဘူးလေ။ ဒီနှစ်မိုးရွာရင် ငါတို့စိုက်ရမဲ့အချိန်ရောက်နေပြီ။ နောက်ပြီး ဒီမြေတွေက သုံးရာသီပတ်လုံး စိုက်လို့ရတဲ့ မြေတွေမဟုတ်ဘူးလေ။ ကျနော်တို့ မိုးရာသီတစ်ရာသီဘဲစိုက်တယ်။ ဒီရာသီမှ စိုက်ခွင့်မရရင် ကျနော်တို့က ငတ်ပြီလေ။ အများကြီး ဒုက္ခရောက်တယ်လေ။ … ကျနော်တို့တော့ အကောင်းဆုံး သူတို့ပေးလာမယ့် အဖြေတွေကို မျှော်လင့်ထားတယ်။ အဆိုးဆုံးဖြစ်လာရင်တော့ ကျနော်တို့ ရွာသူ၊ရွာသားတွေ ရင်ဆိုင်ဖို့တော့ အသင့်ဘဲ။ ကျနော်တို့မဖြစ်မနေလုပ်ရမယ့် အချိန်ရောက်နေပြီမို့ ကျနော်တို့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲရခြင်းဖြစ်ပါတယ်" ဟု ဆိုလျားကူး ရွာသားတစ်ဦးဖြစ်သူ ခူးတူရယ်က ပြောသွားသည်။


တောင်သူများမှ သက်ဆိုင်ရာသို့ ကွင်းဆင်းလေ့လာပေးရန်၊ ခြံခတ်ထားသော စည်းရိုးများကို တပ်ပိုင်အဖြစ် အသိအမှတ်မပြုရန်နှင့် ယခုနှစ်အတွင်း တပ်သိမ်းမြေ ပြသာနာကို မဖြေရှင်းပေးနိုင်ပါက ထွန်ယက်မှုများဆက်လက်ပြုသွားမည်ဖြစ်ကြောင်း ကြိုတင်ကာ စာတင် အကြောင်းကြားထားတယ်လို့ သိရသည်။ သို့သော်လည်း ယနေ့အချိန်အထိ သက်ဆိုင်ရာဘက်မှ မည်သည့် အကြောင်းပြန်ကြားခြင်း တစုံတရာမှ မရရှိခဲ့ကြောင်း ခူးတူရယ်က ဆက်ပြောသည်။

" ဒီနှစ်အတွင်း ကျနော်တို့ မလုပ်မနေ ကျနော်တို့လာလုပ်မှာဘဲ။ ဘယ်လိုအတားအဆီး ဘယ်လိုအခက်အခဲ မျိုးဘဲ ကျနော်တို့ကို လမ်းပိတ်နေပါစေ ကျနော်တို့ ကိုယ့်ဝမ်းစာ ကိုယ့်ရဲ့သားသမီး ပညာရေးအတွက် ကျနော်တို့ ရွာအတွက် မရှိမဖြစ်လိုအပ်နေတဲ့အရာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနှစ်အတွင်း ၀င်လုပ်မယ်။ … ပြည်သူအတွက် ဘယ်လောက်ဖြစ်သွားလဲဆို သိရအောင်ဆိုပြီးတော့ ပြည်နယ်အစိုးရ၀န်ကြီးသိရအောင် ၀န်ကြီးဌာနအဖွဲ့အစည်း သူကိုယ်တိုင်မဆင်းနိုင်တောင်မှ သူ့ရဲ့လူကိုလွှတ်ပြီးတော့ ကွင်းဆင်းပေးပါ။ သိမ်းထားတဲ့မြေ ဘယ်လောက်ကျယ်သွားလဲ၊ ဘယ်လောက်ဖြစ်သွားလဲဆိုတာ မြေကြီးကိုသူတို့ကိုယ်တိုင် ခြေနဲ့နင်းပြီးတော့ သိခိုင်းစေချင်တယ်လေ။ လာစုံစမ်းပါလို့ပြောထားတယ်လေ။ ဒါပေမဲ့ အခုထိတော့ ကွင်းဆင်းဖို့တောင် စာတစ်စောင်မှမရောက်လာဘူး။ စာတလုံးမရောက်လာဘူး" ဟုပြောသည်။

ရွာသားများဘက်ကလည်း သက်ဆိုင်ရာ၏ ခွင့်ပြုမိန့်ကို မစောင့်ဆိုင်းတော့ဘဲ ယခုလို့ ထွန်တုံးတိုက်ပွဲကို ဆင်နွှဲလိုက် ခြင်းက လုပ်သင့်သည့်အရာဖြစ်ကြောင်း ခိုးလျေဆိုတောင်သူ လယ်သမား ကော်မတီဥက္ကဌဖြစ်သူ ခူးသဲရယ် က

" ကျနော်ထင်တာတော့ ဒီရက်လိုမျိုးစုပေါင်းပြီး ဒီလိုတောင်ယာထယ်တယ်။ နောက်ပြီးတော့မှ ပြောမယ်ဆိုရင် ထွန်တုံးတိုက်ပွဲလို့လည်း ပြောလို့ရတယ်။ အဲ့လိုမျိုး ဒီလိုလုပ်တယ်ဆိုတာဟာ လုပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ ဒီခွင့်တောင်းပြီးတော့မှ ကျနော်တို့လုပ်မယ်ဆိုရင် ဘယ်နည်းနဲ့မှ ကျနော်တို့ကို လွယ်လွယ်နဲ့ အခွင့်ပေးမှာတော့ မဟုတ်ဘူးပေါ့နော။ အဲ့ဒါကျနော်တို့ အနေနဲ့ကျနော့ ဒါတစ်ခါတစ်လေ ဥပဒေဘောင်နဲ့ရောက် နောက်ပြီး ဥပဒေဘောင်နဲ့မဟုတ်ဘဲနဲ့ တစ်ဖက်အနေနဲ့ ကျနော်တို့ နည်းနည်းထပ်ပြီးတော့မှ တိုးတဲ့သဘောမျိုးနဲ့ ကျနော်တို့ လုပ်သွားမယ်ဆိုလို့ ရှိရင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ပိုပြီးတော့မှ ဆွေးနွေးခွင့်ရှိမယ်လို့တော့ ကျနော်မြင်ပါတယ်" ဟု ပြောသွားသည်။

ဒီကနေ့ ထွန်တုံးတိုက်ပွဲတွင် ဆိုလျားကူးရွာသား ၃၀၀ ခန့်က ၅၃၁ တပ်မှသိမ်းယူထားသော ၎င်းတို့ ၏ ယာမြေပေါ်တွင် မကြောက်မရွံ့ထွန်ယက်ပြီး ဆန္ဒဖော်ထုတ်နေကြစဉ် အစိုးရဘက်မှ စစ်သားများ၊ စရဖ နှင့် ရဲ အချို့ က ထွန်တုံးတိုက်ပွဲဆင်နွဲသည့် တောင်သူများကို လာရောက် ကြည့်ရှုကြည်သော်လည်း ပြည်နယ်အစိုးရအဖွဲ့နှင့် knpp မှ တာဝန်ရှိသူများ တဦးတယောက်မှ လာရောက်ခြင်းမရှိဘူးလို့သိရသည်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons