Thursday, July 19, 2012

ငြိမ်းချမ်းရေးကာလ လူထုပါဝင်လာဖို့ ပြည်ထဲရေးနဲ့ ကာကွယ်ရေး စွမ်းရည်မြင့်တင်

ရေးသားသူ - ကူးဒူ၊ ဂျွန်မိုးနိုင်

ကရင်နီပြည်နယ် ငြိမ်းချမ်းရေးအတွက် လူထုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ ခေါင်းဆောင်းမှုနဲ့ စီမံခန့်ခွဲနိုင်ဖို့ ပြည်ထဲရေးဌာနမှ ဝန်ထမ်းတွေနဲ့ ကာကွယ်ရေးဌာနမှ ဝန်ထမ်းတွေက ကရင်နီပြည်တပ်မတော်ရဲ့ ညာမိုတပ်စခန်းမှာ စွမ်းရည်မြင့်တင်ရေးသင်တန်း တက်ရောက်ခဲ့ကြပါတယ်။

အဓိက ကတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကာလမှာ ဝန်ထမ်းတွေက စစ်မှန်တဲ့ငြိမ်းချမ်းရေး ဟုတ်မဟုတ်ဆိုတာ သုံးသပ်နိုင်ဖို့နဲ့ တရားမျှတတဲ့ အပစ်ခတ်ရပ်စဲရေး မဟုတ်ဘူးဆိုရင် လည်း လူထုကိုသဘောပေါက်အောင် ရှင်းပြဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီး ခူထဲဘူးက ပြောပါတယ်။

ခေါင်းဆောင်းမှုနဲ့ စီမံခန့်ခွဲရေး သင်တန်းသားများနှင့် ခေါင်းဆောင်များအား တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ခူထဲဘူးက “ပစ်ခတ်ရပ်စဲရေး စပ်ကူးမတ်ကူးကာလမှာ ကျနော်တို့က လူထုနဲ့ အများဆုံးထိတွေ့ မှုက ခါတိုင်းနဲ့စာရင် လူထုနဲ့ ပိုပြီးထိတွေ့ရမယ့် အခြေအနေရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ဘက်မှာက လူထုနဲ့ ထိတွေ့တဲ့အချိန်မှာ စည်းရုံးရေးလုပ်ငန်းတွေ နောက်ပြီးလူထုကို သဘောပေါက်အောင် လူထုရဲ့ ပါဝင်မှု ပါရှိလာအောင် အဲဒါက လုပ်တတ်ဖို့ လုပ်ကိုင်တတ်ဖို့က အရေးကြီးတယ်” လို့ပြောပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ ယမန်နေ့က ညာမိုတပ်စခန်းမှာ သင်တန်းဆင်းပွဲကျင်းပအပြီးမှာ ယခုလို ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။

ယခုလက်ရှိ ပစ်ခတ်ရပ်စဲရေးလုပ်ထားတာ ၃ လရှိနေပြီဖြစ်ပေမဲ့လို့ တင်ပြတောင်းဆိုထားတဲ့ အချက်တွေက တချက်မှ တိတိကျကျ မရသေးဘူးဆိုတာကို ဒုစစ်ဦးစီးချူပ် ဗိုလ်ချူပ်အောင်မြတ်က သင်တန်းသားတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒုစစ်ဦးစီးချူပ် ဗိုလ်ချူပ်အောင်မြတ်က “ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေအားလုံး သိထားရမှာက အချက် ၂၀ ထဲမှာ ငါတို့ကို ဘယ်နှစ်ချက်ပေးထားပြီလဲ တချက်မှ မပေးသေးဘူး။ နှောင်အနာဂတ်မှာ သူတို့က အချိန်ဆွဲပြီး လိန်ဖယ်လိန်ဖယ်လုပ်သွားမယ်။ ပစ်ခတ်ရပ်စဲရေး မလုပ်ခင်ကထက်တောင်မှ အခုချိန်မှာ ပိုပြီးတော့သတိဝီရိယနဲ့ နေရမယ်” လို့ ပြောပါတယ်။

ခေါင်းဆောင်းမှုနဲ့ စီမံခန့်ခွဲရေးသင်တန်းသားများ သင်တန်းဆင်းပွဲ၌ စစ်ရေးပြနေကြစဉ် (ဓါတ်ပုံ-ကေတီ)
သင်တန်းရဲ့ အတွေ့အကြုံအရ နှောင်လာမည့် ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ အများကြီး အထောက်အကူပြုသွားနိုင်တယ်လို့ ယုံကြည်ထားတဲ့ အမှတ် ၁ ခရိုင်မှ ဟဲရယ်ကတော့ “ခပ်များများဒီ ပြည်တွင်းမှာဝင်သွားတဲ့ ပြည်ထဲရေးက ဌာနဆိုင်ရာတွေပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကာကွယ်ရေးကဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေပဲ ဖြစ်ဖြစ်၊ ခပ်များများ ဒီအစိုးရလုပ်ငန်းလို့ ပြောမလားကျနော်တို့ ဒီတော်လှန်ရေးကာလမှာ ကျနော်တို့ တကယ့်လုပ်ငန်း ထိထိရောက်ရောက် လုပ်နိုင်ဖို့ဆိုရင် အခုအခြေအနေရ ကျနော်တိုပြန်ကြည့်မယ်ဆိုရင် အရမ်းလိုအပ်နေသေးတယ်လို့ ပြောရမယ်ပေါ့” လို့ ပြောပါတယ်။

သင်တန်းကာကမှာ တလခွဲဖြစ်ပြီး သင်တန်းသား ဦးရေ စုစုပေါင်း ၆၈ ဦးတက်ရောက် ခဲ့ကြပါတယ်။ ပြည်ထဲရေးကနေ ဒီလိုစွမ်းရည်မြင့်တင်ရေးသင်တန်းကို ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းပြီး သင်တန်းပြုလုပ်တာ ဆယ်နှစ်တာကာလမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Monday, July 16, 2012

ကယား(ကရင်နီ)ပြည် တိုးတက်ရေး လူထုကြား ပြေလည်နိုင်တဲ့ ထွက်ပေါက်ရှာဖွေဖို့

ရေးသားသူ - ကယားထဲ

ချိုင့်ဝှမ်းချိုင့်ခွက်တွေနဲ့ ပြည့်နက်နေတဲ့ လမ်းတွေ၊ အန္တရာယ်များတဲ့ တောင်စောင်းပေါ်ကလမ်းတွေ ၊ မှိတ်တုန့်မှိတ်တုန့် ဖြစ်နေတဲ့ လျှပ်စစ်မီးတွေ အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာနေတဲ့ လက္ခဏာ အင်္ဂါရပ်တွေဟာ ကရင်နီ(ကယား)ပြည်နယ်မှာ အများကြီး တွေ့မြင်နေရပါတယ်။

၂၀၁၁-၂၀၁၂ ခုနှစ်အတွင်းမှာတော့ လမ်းမရဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို နေရာကွက်ကြား ကပ်သရာနဲ့ ထပ်ဆင့်ထပ်ပိုးလွှာ အနည်းငယ် ပြန်လည်ပြုပြင် နေတာတော့ရှိပါတယ်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရရုံး၌ ပြည်နယ်ဝန်ကြီးများနှင့် KNPP အဖွဲ့ခေါင်းဆောင်တို့ ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ-ကေတီ)
ဒေသဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ကရင်နီပြည်နယ်မှာလည်း မော်ချီးသတ္တုတွင်းလုပ်ငန်း၊ လောပိတ
ရေအားလျှပ်စစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ငန်းစတဲ့ မြေပေါ်မြေအောက် သံယံဇာတရှိနေပါလျက်နဲ့ အဲဒီက ထွက်တဲ့ အခွန်ဝင်ငွေထွက်ငွေတွေဟာ ပြည်နယ်အတွက်နဲ့ ဒေသခံလူထုအတွက်တော့ ဘာအကျိုး ခံစားခွင့်မှ မရှိကြပါဘူး။


ပြည်သူကနေ ရွေးကောက်တင်မြောက်လိုက်တယ်ဆိုတဲ့ အစိုးရသစ်တက်လာပြီး နောက်မှာလည်း ယခုချိန်ထိ ပြောင်းလဲ တိုးတက်လာတာ မတွေ့ရသေးပါဘူး။

ဒါတွေဟာ ပြည်နယ်အစိုးရရဲ့ ပြည်နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပိုင်ခွင့်တွေ အားလုံးရဲ့ စီမံကိန်းတွေကို စီမံပိုင်ခွင့်အပေါ်မှာလည်း မူတည်နေပါတယ်။

သို့ပေမဲ့လို့လည်း  ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြည်နယ်မှာထွက်တဲ့ သံယံဇာတတွေအားလုံးရဲ့ ထုတ်ကုန်စီးပွားရေးတွေဟာ ပြည်ထောင်စုအစိုးရနဲ့ပဲ ဆိုင်ပါတယ်လို့ ရေးဆွဲထားပြီးဖြစ်ပါတယ်။

ပြည်ထောက်စုအစိုးရနဲ့ဘဲ တိုက်ရိုက်ချူပ်ကိုင်ထားတဲ့အတွက် ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့် ဘာမှမရှိသလို ဘာဝင်ငွေမှလည်းမရှိလို့ ပြည်သူအတွက်လည်း ဘာမှလုပ်မပေးနိုင်ဘူးလို့ ပြည်နယ်အစိုးရ ဝန်ကြီးချူပ် ဦးခင်မောင်ဦး(ခ)ဘူးရယ်က ပြောပါတယ်။

“ဒီအခက်အခဲက ကျနော်တို့ဘဲသိတယ်။ ဆိုတော့ ငါ့လူမျိုးတွေ ကျွန်းသစ်နေရာမှာနေပြီး သူအိမ်ဆောက်ပြီး ကျွန်းလေးတခုနဲ့တောင် သူအိမ်ဆောက်နိုင်ဖို့ ခွင့်မရရှာဘူး။ ဒုက္ခက တော်တော်ကြီးနေတယ်။”

ပြည်နယ်ဝန်ကြီးချူပ်က ဇွန်လ (၁၀) ရက်နေ့က လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံးမှာ  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ကိုယ်စားလှယ်ခေါင်းဆောင်တွေ တွေ့ဆုံစဉ်က ပြောဆိုသွားတာပါ။

သမ္မတ ဦးသိန်းစိန်နှင့် ပြည်နယ် တိုင်းဝန်ကြီးများ အစည်းအဝေးတွေမှာ ဝန်ကြီးချူပ်က ပြည်နယ်အစိုးရကနေ ကိုယ့်ပြည်နယ် သူပြည်နယ်သားအတွက် မီးမရသေးတဲ့ရွာတွေ မီးပေးနိုင်ဖို့ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်ဖို့ တနှစ်လုံးရဲ့ထွက်ရှိတဲ့ လျှပ်စစ်မဂ္ဂဝပ်ရဲ့ အနည်းငယ်ကို စီမံခွင့်ပေးပါလို့ တင်ပြဆွေးနွေးခဲ့ပေမဲ့လို့ မရခဲ့ဘူးလို့ ပြောပါတယ်။

လွိုင်ကော်မြို့နယ်ထဲတွင်တည်ဆောက်မည့် ဘိလပ်မြေစက်ရုံပုံစံမူကြမ်း (ဓါတ်ပုံ-ကေတီ)
“အခုကျနော်ကတခုတင်ပြတယ်။ ဒါကဘတ်ဂျက်ကမပါဘူးဆိုတော့ ဘာမှလုပ်မရဘူးဖြစ်နေတယ်။ မတတ်နိုင်ဘူးဖြစ်နေတယ်။ နယ်ဆင်းတော့လည်း ဂတိလည်း မပေးရဲဘူး။ ပေးရအောင်လည်း ကိုယ်ကလည်း လုပ်မပေးနိုင်ဘူး။ ခက်နေတာဘဝက အဲလိုဖြစ်နေတာ” လို့ ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ တည်ရှိနေတဲ့ အခြေအနေဟာ ပြည်သူတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားက ရာခိုင်နှုန်း အနည်းငယ်မျှသာရှိတယ်လို့ ကရင်နီပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဦးတော့ရယ်က ပြောပါတယ်။

“ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အလုပ်တစ်ခုဟာ ရှေ့ဆက်ရမည့် စနစ်အထိ သူများတကာအရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ကာလ တိုးတက်နေတဲ့အချိန်မှာ ကျနော်တို့က သမားရိုးကျနဲ့ သွားမယ်ဆိုရင် ဘယ်တော့အခါမှ လိုက်မီနိုင်မလဲ”

ကရင်နီပြည်နယ်လွိုင်ကော်မြို့နယ်အတွင်းမှာ ဒေသရဲ့လိုအပ်ချက်တွေ ဒေသရဲ့ဖွံ့ ဖြိုးတိုးတက်မှုတွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ဖို့နဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံ ဆွေးနွေးပွဲမှာ ဝန်ကြီးဦးတော့ရယ်က ပြောသွားတာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရကနေ ပြည်နယ်အစိုးရရဲ့ လက်ထဲကို လွှဲအပ်လိုက်တဲ့ ဘိလပ်မြေစက်ရုံ စီမံကိန်းဟာ အောင်မြင်မှု မရှိခဲ့ဘူးဆိုရင် ဒီအခွင့်အရေးဟာ နောက်တကြိမ် ပြန်မရနိုင်ဘူး လို့ဆက်ပြောပါတယ်။

ယခုဒီဘိလပ်မြေစက်ရုံ ဆောက်မယ် မဆောက်ဘူးဆိုတာကို ပြည်နယ်အစိုးရနဲ့ ဒေသခံလူထုတွေ အခြေအနေက မပြေလည်နိုင်သေးပဲ ရှိနေပါတယ်။

အခုအချိန်က ပြည်သူတွေရဲ့အသံကို အဓိကနားထောင်နေရမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဖို့ ဆိုပြီး အတင်းအဓမ္မ လာဆောက်လို့မရတဲ့ အခြေအနေမျိုးမှာ တည်ရှိနေပါတယ်။ အဲဒီစက်ရုံကို လွိုင်ကော်မြို့နဲ့ သိပ်မဝေးတဲ့ မြို့ပြင်နားမှာ ဆောက်မှာဖြစ်တဲ့အတွက် အဲဒီနီးနားမှာတည်ရှိနေကြတဲ့ ကျေးရွာသူ/သားတွေက သူတို့ရဲ့ မြေယာနဲ့ လုပ်ကိုင်စားသောက်နေရတဲ့  ဘဝတွေ တောတောင်ရေမြေတွေ ပျက်စီးမှာကို စိုးရိမ်နေကြရပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကို ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

ဘိလပ်မြေစက်ရုံ တည်ဆောက်မည့်နေရာနဲ့နီးတဲ့ ဒေါမူကလပ်ရွာက ဦးဖရေးရယ်က “မလုပ်နဲ့လို့တော့မပြောဘူး။ လုပ်ပါ ဒါပေမဲ့ နည်းနည်းဝေးတဲ့နေရာမှာ သွားလုပ်ပါ ။ ဟို့တောင်ရဲ့ အပြင်ဘက်ဖြစ်ဖြစ် ဝေးတဲ့နေရာပေါ့ ရွေ့လိုက်ရင်တော့လက်ခံတယ်။ ဒီနားမှာလုပ်တော့ ကျနော်တို့နဲ့ အရမ်းနီးနေလို့ ကျနော်တို့အတွက် ဆိုးကျိုးတွေများလိမ့်မယ်လို့ ထင်လို့ပါ”  လို့ ပြောပါတယ်။


ဒေသခံတွေ အလုပ်လက်မဲ့ မဖြစ်ရလေအောင် ထိုက်တန်တဲ့လျှော်ကြေးကိုပေးပြီး  ထိုက်သင့်တဲ့နေရာ ၊ ရာထူးနဲ့လစာကို အောက်ဆုံးအဆင့်ကနေပြီး Supervisor  ဒုတိယအင်ဂျင်နီယာ၊ အင်ဂျင်နီယာချူပ်ဖြစ်တဲ့အထိ ဖြစ်သွားအောင် လေ့လာသင်ကြားပေးဖို့ အာမခံပေးရဲပါတယ်လို့ Square Power လီမီတက်ကုမ္မဏီက ဒါရိုက်တာဖြစ်တဲ့ ဦးသက်မောင်ဦးက ပြောပါတယ်။

ဘိလပ်မြေစက်ရုံတည်ဆောက်မည့် စီမံကိန်းအတွက် ပြည်နယ်အစိုးရ၊ Square Power ကုမ္မဏီအဖွဲ့ နှင့် ဒေသခံလူထုတွေ့ဆုံပွဲ လွိုင်ကော်မြို့နယ် ချိကယ်ရွာ၌ကျင်းပနေစဉ် (ဓါတ်ပုံ-ကယားလီဖု)
“ကျနော်တို့ ဒီကိုလာတာသည် နိုင်ငံခြားကလူကိုအလုပ်ပေးဖို့ လာတာမဟုတ်ပါဘူး။ သူတို့ဆီက နည်းပညာကိုယူဖို့ ကိုယ့်ပြည်သူပြည်သားကိုပေးဖို့ လာတာဖြစ်တယ်။လွိုင်ကော်မှာ နည်းပညာတက္ကသိုလ်ကြီးရှိတယ်။ ဟီးနေအောင်ဆောက်ပါရဲ့ အလုပ်လုပ်ဖို့နေရာမရှိဘူး။ နည်းပညာတက္ကသိုလ် ၅ နှစ်သွားပြီးဘွဲ့ယူတယ်။ အင်ဂျင်နီယာကြီး တက်လာတယ်။ ဘာလုပ်ကြမလဲ ကိုယ့်ဘာသာကိုယ် စဉ်းစားကြ”

လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာမှာလုပ်တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

ပြည်နယ်ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးကိစ္စရဲ့ လုပ်ပိုင်ခွင့်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ခူးဦးရယ်က “ကျနော်တို့ရဲ့ အခြေအနေက နှစ်ပေါင်းတော်တော်ကြာခဲ့ပြီ နောက်ကျကျန်ခဲ့ပြီး ရတဲ့အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို စပြီးသိတဲ့အချိန်လေးမှာ ကျနော်တို့ နိဓါန်းမပျိုးထားရင် ဟိုချိန်ကျမှ ဟိုချိန်ရောက်မှ ကျနော်တို့ စောင့်နေရင်တော့ ကျနော်တို့တော်တော်လေး နောက်ကျသွားအုံးမယ်” လို့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

လက်ရှိကရင်နီပြည်နယ်ရဲ့ အပစ်ခတ်ရပ်စဲထားတဲ့ ကာလအချိန်အခါလည်းဖြစ်တယ် ပြည်နယ်ရဲ့ လိုအပ်ချက်ကလည်း များနေတယ်ဆိုတဲ့ အနေအထားမှာ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရစီမံကိန်းလုပ်ငန်းဟာ လူထုအကြားမှာ ပြေလည်နိုင်တဲ့ နည်းလမ်းနဲ့ ထွက်ပေါက်ကတော့ရှိမှာ သေချာပါတယ်။

Thursday, July 12, 2012

ယုံကြည်မှုကို တည်ဆောက်နိုင်မည့် ကရင်နီ (ကယား) တို့၏ခေါင်ရည်

ရေးသားသူ - ကယားထဲ

ညရဲ့ထွန်းလင်းထားတဲ့ မီးသီးမီးရောင်အောက်က ကိန္ဒရီ၊ ကိန္ဒရာရုပ်က ယှဉ်တွဲလျက် ထိန်လင်းနေတဲ့ လွိုင်ကော်မြို့တော်ခန်းမ အဆောက်အဦးထဲက စင်မြင့်ထက်မှာ ကရင်နီတိုင်းရင်းသားမျိုးနွယ်စုတွေက ရိုးရာသံစဉ်၊ ရိုးရာအကတွေနဲ့ တင်ဆက်ကပြ နေကြပါတယ်။

အခုလို တိုင်းရင်းသားတွေ ရိုးရာအကတွေနဲ့ ကြိုဆိုဧည့်ခံတင်ဆက် ကပြနေကြတဲ့အချိန်က ကရင်နီပြည်နယ် ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် လာရောက်တွေ့ဆုံ ဆွေးနွေးကြတဲ့အချိန်ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်က ခေါင်းဆောင်တွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဘက်က ခေါင်းဆောင်တွေကို ပစ်ခတ်ရပ်စဲဖို့ ပြည်နယ်အဆင့် ပဏာမတွေ့ဆုံဆွေးနွေးပွဲ အပြီးမှာ ကြိုဆိုဧည့်ခံနေကြတာပါ။

နှစ်ပေါင်း၆၀အတွင်း ပြည်တွင်းမငြိမ်မသက်မှုတွေနဲ့ နေထိုင်လာရတဲ့ တိုင်းရင်းသားတွေဟာ ပထမဆုံးမျှော်လင့်ချက် ရောင်ခြည်ကို လက်ကမ်းကြိုဆိုနေကြတာပါ။ ဒီလိုအချိန်နဲ့ ဒီနေရာမှာတော့ ကြိုဆိုဧည့်ခံကြတဲ့ တိုင်းရင်းသားတွေ သွေးချင်းတွေက သူတို့ရိုးရာအက၊ အတီးအမှုတ်တွေအပြင် ရိုးရာအစားအသောက်ကိုလည်း မြင်တွေ့နေရမှာဖြစ်ပါတယ်။ ရိုးရာအစားအသောက်ထဲမှာ ကရင်နီပြည်နယ်ကို ရောက်လာတဲ့ ဧည့်သည်တွေတိုင်းကတော့ ခေါင်ရည်ရဲ့အရသာကို ကြိုက်နှစ်သက်ဆုံးလို့ ပြောရင်မလွဲနိုင်ပါဘူး။

ပဏမတွေ့ဆုံဆွေးနွေးပွဲ ပြီးတဲ့ညမှာပဲ မြန်မာအစိုးရဘက်က မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဦးဆောင်ဆောင်ရွက်ပေးနေတဲ့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့ တခြားပြည်ထောင်စုဝန်ကြီးတွေ၊ KNPP ဘက်က အတွင်းရေးမှူး (၁) ခူးဦးရယ်အဖွဲ့တို့က ကိုယ့်ရဲ့ ရိုးရာတွေဖော်ကျူးပြီး တဦးနဲ့တဦးအပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နေချိန်မှာလည်း ကရင်နီကထွက်တဲ့ ခေါင်ရည်ကလည်း မပါမဖြစ်ပါဘဲ။

မြန်မာနိုင်ငံ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းမှ ကရင်နီတို့၏ ရိုးရာခေါင်ရည်ကို သောက်နေစဉ် (ဓါတ်ပုံ-ကေတီ)
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက “ဒါက Champagne အရသာနဲ့တူတယ်။ Champagne နဲ့တူတယ်။ စွဲသွားရင်တော့ ခင်ဗျားတို့ ကယားပြည်နယ်ကနေ ကျနော့်ကိုနေ့တိုင်းပို့ပေးပေါ့” လို့ ပြောပါတယ်။

နှံစားပြောင်းကောက်ကိုချက်ပြီး ရေနွေးနဲ့ ဖြည့်ထားတဲ့ မြေအိုးထဲက ခေါင်ရည်ကို တစ်ချက်နှစ်ချက် စုပ်သောက်ရင်း ဝန်ကြီးဦးအောင်မင်းက ကရင်နီအမျိုးသား ခေါင်းဆောင်တွေကို နုတ်ဆက်ပြောလိုက်တာပါ။

Champagne အရသာနဲ့တူတယ်ဆိုတာက Champagne ဆိုတာက ပြင်သစ်ကလာတဲ့ ဝိုင်အမျိုးအစားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၁၃)ရာစုက ဝိုင်မပေါ်ခင်မှာ ဘာသာရေးပွဲတော်တွေ အသုံးပြုဖို့ သန့်ရှင်းတဲ့ရည်လို့ သတ်မှတ်ထားကြပါတယ်။ holy wine တမျိုးကနေစတင်ခေါ်ဝေါ် လာခဲ့ကြတာပါ။ အဲဒီ holy wine က Champagne ဒေသမှာကထွက်လို့ အဲဒီဝိုင်နာမည်ကို Champagne လို့အမည်ခေါ်တွင်လာကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ ကရင်နီတို့ရဲ့ ခေါင်ရည်ကို Champagne အရသာနဲ့တူတယ်လို့ လွိုင်ကော် မြို့တော်ခန်းမဆောင်ထဲမှာပဲ အသိအမှတ်ပြုသွားပါတယ်။ ကရင်နီပြည်နယ်ကခေါင်ရည်က တခြားဒေသဘက်မှာ ထွက်တဲ့ခေါင်ရည်နဲ့မတူလို့ဘဲ အရသာက တမူထူးခြားဖြစ်နေတာပါ။

ဒေသတွင်း မှာပဲစိုက်ပျိုးကြတဲ့ ဒေသအခေါ်အဝေါ်အရ ပြောင်းကောက်လို့ခေါ်တဲ့ နံစားပြောင်းနဲ့ ချက်ထားတာပါ။ အရင်ဦးဆုံး ချက်ထားတဲ့ပြောင်းကောက်ကို နှီးနဲ့ယက်လုပ်ထားတဲ့ဖျာပေါ်မှာ အအေးခံထားရပါတယ်။ အစီအရီဖြန့်ကျက် ထားပြီးတဲ့နောက်မှာ ဆန်မုန့်နဲ့လုပ်ထားတဲ့ တဆေးမှုန့်ကို ဖြူးရပါတယ်။ တဆေးဖြူးပြီးအအေးခံထားတဲ့ ပြောင်းကောက်ကို အင်ရွက်ခင်းထားတဲ့ တောင်းထဲကိုထည့်ရပါတယ်။
ကရင်နီအမျိုးသားတစ်ဦးမှ ကယားခေါင်ရည်ကို သောက်သုံးနေစဉ် (ဓါတ်ပုံ-ကေတီ)


တောင်းထဲပေါင်းထားပြီးရင် ကျလာတဲ့အရည်ကို စဥ့်အိုးနဲ့ ခံထားရပါတယ်၊ တစ်ညပေါင်းထားပြီးနောက်တစ်ရက်မှာဘဲ စဥ့်အိုးကြီးထဲကိုထည့်ထားရင်း တစ်ပတ်ဆယ်ရက်လောက်ထားပြီးရင် အဲဒီဖောက်ချလို့ ရလာတဲ့ အရည်ကတော့ခေါင်ကျရည်ပါဘဲ။ ပေါင်းထားတဲ့ ပြောင်းကောက်ကို တော့ရေနွေးနဲ့ စဥ့်အိုးထဲလောင်းထည့်ပြီး မီးနဲ့တစ်ည ကင်လိုက်ရင် နောက်ရက်ခေါင်ရည် ရပါပြီ။

ခေါင်ရည်သည် အနီဖျော့ဖျော့အရောင်ရှိပြီး သောက်လိုက်ရင် ပူရှိန်းရှိန်းအရသာနှင့် ရင်ထဲကို နွေးသွားတာပါ။ ရိုးရာယဉ်ကျေးမှု သီချင်းတွေရေးစပ်သီဆိုတဲ့ ကိုကီးရယ်က ̏အားလုံးတွေ့ဆုံတဲ့အခါလည်း ခေါင်ရည်သောက်ရင်းနဲ့ ပျော်ရွှင်တဲ့ အထိမ်းအမှတ် ဖြစ်စေပြီး မိတ်ထိဆွေထိဖြစ်စေတယ်˝လို့ပြောပါတယ်။

တဆက်တည်းမှာဘဲ “ရှမ်းမှာကလက်ဖက်၊ ဗမာဆိုရင် လက်ဘက်ရည်ကြမ်းနဲ့လက်ဖက်သုပ်၊ အင်္ဂလိပ်လူမျိုးတွေမှာဆို ၀ိုင်လိုမျိုးပေါ့၊ သူ့ယဉ်ကျေးမှုနဲ့သူရှိသလိုမျိုးပါ၊ ကယားမှာကတော့ ခေါင်ရည်ပေါ့˝ လို့ရှင်းပြပါတယ်။

ခေါင်ရည်ကို ကျေးလက်ဒေသတွေဘက်မှာ အိမ်တိုင်းလိုလို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့ ချက်ထားကြသလို ကရင်နီပြည်နယ်ရဲ့ မြို့တိုင်း ဆိုင်တိုင်းနဲ့ ဈေးတိုင်းတွေမှာလည်း အဝေးရောက်ဧည်သည်တွေက လာရောက်ဝယ်ယူ လေ့ရှိကြပါတယ်။

ကရင်နီပြည်နယ်ဒေသကထွက်တဲ့ ခေါင်ရည်ကတော့ လူကြီး၊ လူငယ်အားလုံးအတွက်တော့ မိတ်ဖြစ်ဆွေဖြစ် အဖြစ်ကနေ နိုင်ငံခေါင်းဆောင် တွေအထိကတော့ ရင်းနှီးမှုနဲ့ ယုံကြည်မှုကိုပိုပြီး ပိုပြီးရလာစေမည့် မေတ္တာလက်ဆောင်တခုပါဘဲ။

ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ဖားစည်

ရေးသားသူ - ဒေလီထက်

ကရင်နီပြည်နယ် တိုင်းရင်းသား လူမျိုးခေတ်အဆက်ဆက် ကတည်းက အမြတ်တနိုးနဲ့ အထွဋ်အမြတ်ထားတဲ့ ပစ္စည်းတခုအဖြစ်တဲ့ ဖားစည်ဟာ ယခုခေတ်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။

ဖားစည်ကို အိမ်မှာထားရှိခြင်းအားဖြင့် ဆန်ရေစပါးပေါကြွယ်ဝမယ်၊ ကျွဲ၊ နွားပေါများမယ်၊ စီးပွားဖြစ်မယ်၊ လာဘ်ကောင်းတယ်ဆိုပြီး တချို့ကရင်နီလူမျိုးတွေက တန်ဖိုးထားကြတယ်၊ ယုံကြည်ကြလို့ ကရင်နီစာပေနဲ့ ယဉ်ကျေးမှုဌာန ညွန်ကြားရေးမှူးက ပြောပါတယ်။

“ဖားစည်ကို သူတို့ (ကရင်နီ) က တန်ဖိုးရှိတဲ့ အမွေအနှစ်အနေနဲ့ သဘောထားကြတယ်။ နောက်ပြီး ယဉ်ကျေးမှုအနေဖြစ်လဲ သတ်မှတ်ထားကြတယ်။ ဘာလို့လဲဆိုတော့ အရင်နှစ်တွေတုန်းကဆိုရင် အိမ်သစ်တက်ပွဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဖားစည်တီးကြတယ်။ ဘယ်လောက်ထိမြတ်နိုးလဲ၊ အလေးအမြတ်ထားလဲဆိုတော့ ဖားစည်တီးမယ်ဆိုရင် မိုးရွာခိုင်းစေချင်ရင် တီးရင် မိုးရွာတယ်” လို့ ပြောကြတယ်။
ကယား(ကရင်နီ)ပြည်တွင်းရှိ ယဉ်ကျေးမှုပြတိုက်တွင် တွေ့မြင်ရသော ကရင်နီဖားစည် (ဓါတ်ပုံ-ကေတီ)

ဖားစည်ကို တီးခြင်းအားဖြင့် ၁၈၅၀ နောက်ပိုင်း ပြည်နယ်ဦးစီးခေတ်တုန်းက စာဆိုတခုဖွဲ့ဆိုထားတာ ရှိပါတယ်။ “ဖားအော်မှ မိုးရွာ၊ မိုးရွာတော့ ရေကြီး၊ ရေကြီးတော့ သစ်ရ၊ ပင်လယ်ထဲရောက်တော့ တိုင်းပြည်ဝင်ငွေရရှိပါတယ်” ဆိုပြီး စာဆိုဖွဲ့ထားကြတာပါ။

ဒါ့အပြင် ကရင်နီနိုင်ငံတော် အလံနဲ့ တံဆိပ်တွေမှာလည်း ဖားစည်ပုံကို ထည့်သွင်းထားကြပြီး ဖားစည်ဟာ ကရင်နီပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုတွင် အထွဋ်အထိပ် ပစ္စည်းတခုဖြစ်ပါတယ်။

ဖားစည်ရဲ့ အလယ်ဗဟိုမှာ အရွယ်အစားတူညီစွာ ဖြာထွက်နေတဲ့ ရောင်ခြည်တန်းကတော့ ကရင်နီပြည်တွင်းရှိ လူမျိုးအားလုံးကို တန်းတူမှုအခြေခံမှုအပေါ် ပေါင်းစည်းထားတာကို ဖော်ပြတာဖြစ်ပြီး အလံတော်ရဲ့ အဖြူကွက်မှာ ထားရှိခြင်းကတော့ ကရင်နီပြည်တွင်းရှိ လူမျိုးတွေရဲ့ ဖြူစင်သန့်ရှင်းဖြောင့်မတ်တဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းစည်းထားတာကို ဖော်ပြခြင်းဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ 

အခုလို စာဆို ဖွဲ့နွဲ့တာ၊ ယုံကြည်ကြတာ၊ အဓိပ္ပါယ်ဖွင့်ဆိုကြတာတင်မကပါဘူး ၁၉၄၈ ခုနှစ်နောက်ပိုင်း လွတ်လပ်ရေးရပြီးတဲ့နောက် ပထမဆုံးဝန်ကြီးချုပ် စောဝဏ္ဏ လက်ထက်တုန်းက ကယားကလူ (ကလို) ပွဲတော်ဆိုပြီး ပြည်နယ်အစိုးရကလည်း တန်ဖိုးထား ထိန်းသိမ်းပြီးတော့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရှေ့နှစ်ပေါင်းများစွာတုန်းက ဖားစည်ကို ကရင်နီပြည်နယ်ရဲ့ အရင်က ငွေတောင်ပြည်လို့ခေါ်ဆိုတဲ့ ငွေတောင် ပရေ့လဗဲ့ကျေးရွာမှာ သွန်းလုပ်ကြတာပါ။ ဒါပေမယ့် အများအားဖြင့် ဖားစည်ကို ပြုလုပ်တဲ့သူတွေကတော့ ယွန်းလူမျိုးတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

“ယွန်းလူမျိုးတွေ ကရင်နီကိုလာပြီး ၀င်ရောက်နယ်ချဲ့တာ နှစ်ပေါင်း ၁၀၀ လောက်ရှိတယ်လေ။ အဲဒီတော့ သူတို့ရဲ့ ပညာတွေရှိတော့ ကယားပြည်နယ်မှာ လာရောက် သွန်းလုပ်တယ်လေ။ ကရင်နီလူမျိုးတွေက ယွန်းတွေကို သူတို့ဒေသကို ပြန်တိုက်ထုတ်နိုင်တော့ ပညာရှင်တွေကို ခေါ်ထားလိုက်တယ်။ ကောင်းကောင်းလေး လုပ်တတ်တော့ သူတို့ကိုပဲလုပ်ခိုင်းတယ်”

ဒီဖားစည်ဟာ တရုတ်နိုင်ငံကနေ ဆင်းသက်လာတာဖြစ်ပြီး ၀ပြည်နယ်ဘက်မှာ အများအပြားတွေ့နိုင်တယ်လို့ စာအုပ်စာပေတချို့မှာ ရေးသားထားတာရှိပါတယ်။ တရုတ်နယ်ကလာတဲ့ ဖားစည်တွေက ဖားရုပ်တွေနဲ့ အတွန့်အတက်တွေ သိပ်မရှိသလို အသံလည်း သိပ်မမြည်ဘူးလို့ ကရင်နီသမိုင်းကြောင်းတွေကို ရေးသားပြုစုသူလဲဖြစ်၊ ကရင်နီစော်ဘွားမျိုးနွယ်ဖြစ်တဲ့ ခူးဘျားရယ်ပေါလ်လူက ပြောပါတယ်။

ဖားစည်းပြုလုပ်ဖို့ဆိုတာ မခဲယဉ်းဘူးလို့လည်းဆိုပါတယ်။ ပထမဦးဆုံး ကိုယ်လိုချင်တဲ့ ဖားစည်ပုံစံကို ဖယောင်းနဲ့ လောင်းလိုက်ရပါတယ်။ ပြီးရင် ဖယောင်ခဲတွေအပေါ်မှာ ရွံ့မြေနဲ့ အကုန်ပြန်ပိတ်လိုက်ပါတယ်။ နောက်တော့ အပေါက်နည်းနည်းဖော်ပြီး သတ္တုကို အရည်ကျို လောင်းချလိုက်တော့ ဖယောင်းတွေက အရည်ပျော်သွားပြီး သတ္တုတွေက နေရာယူလိုက်တယ်။
မျက်နှာပြင်ပေါ်မှာရှိတဲ့ အလှဆင်အကွက်တွေကိုတော့ ၀ါးကို ပုံဖော်ပြီး ဖယောင်းတွေပေါ်မှာ ရိုက်နှိမ့်ထားတာ ဖြစ်ပါတယ်။

ဖားစည်းရဲ့မျက်နှာပြင်ပေါ်မှာဆိုရင် ဖားရုပ်၊ ငါးရုပ်၊ ကြယ်ရုပ်နဲ့ ကိုယ်ထည်မှာတော့ ဆင်ရုပ်ကို ထွင်းထုထားကြတယ်လို့ ထင်မှတ်ရပေမယ့် တလုံးနဲ့ တလုံးကတော့ မတူဘူးလို့ ခူးဘျားရယ်ပေါလ်လူက ပြောပါတယ်။

ဖားစည်များကို ပြုလုပ်သော ကရင်နီကျေးရွာတစ်နေရာ
“ပုံသေဖြစ်တာတောင်မှ တလုံးနဲ့ တလုံးက မတူဘူး။ အဲဒီတော့ မှားတယ် မှန်တယ်သွားငြင်းလို့မရဘူး။ ကျတော်ရွာမှာ တမျိုးထွက်မယ်၊ ဟိုဘက်ရွာက ဖားစည်လုပ်တဲ့သူက စိတ်ကူးရတဲ့အတိုင်းလုပ်ဆောင်ကြတယ်”

ဖားစည်ကို ကရင်နီပြည်နယ်မှာရှိတဲ့ လူမျိုးအားလုံးက အသုံးပြုကြပေမယ့် မျိုးနွယ်စုတခုနဲ့တခုကတော့ အသုံးပြုခြင်းနေရာသိပ်မတူကြပါဘူး။
အမှတ် ၂ ခရိုင်ဖြစ်တဲ့ ဘူးခိုကွားခီးဘက်မှာဆိုရင် ကရင်လူမျိုးတွေက အသုဘပွဲတွေမှာ ဖားစည်တီးလေ့ ရှိပါတယ်။ သေပြီးတာနဲ့ သဂြိုလ်ပြီးတဲ့အထိ ဖားစည်ကိုတီးပါတယ်။

ကယောဒေသနဲ့ ကယန်း(ပဒေါင်) ဒေသဘက်မှာတော့ အခါမင်္ဂလာဖြစ်တဲ့ အိမ်သစ်တက်ပွဲတွေမှာ တီးလေ့ရှိပြီး ကယားကတော့ အများအားဖြင့် ဒီးကူပွဲအချိန်တွေမှာတီးတတ်ပါတယ်။ နောက်ပြီး ကေးလျားဘက်မှာတော့ ငါးနှစ်တကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ တောလိုက်ပွဲကြီးမှာ တောကောင်တွေကိုပူဇော်ပသတဲ့ သစ်တောအုပ်ထဲမှာ ယူဆောင်သွားပြီး တီးကြပါတယ်။ 

၁၉၇၀-၇၅ ပတ်ဝန်းကျင်လောက်ရောက်တော့ စီးပွားရေး အကျပ်အတည်းဖြစ်လာတော့ တချို့လူတွေကလည်း ဈေးကောင်းကောင်းရတာနဲ့ ရောင်းထုတ်ကြတာ အများအပြားရှိပါတယ်။ ယွန်း(ထိုင်း)လူမျိုး၊ တရုတ်လူမျိုးတွေက ၀ယ်ယူကြပြီး သူတို့ရဲ့ ပြတိုက်တွေမှာ ပြန်လည်ပြီး ထားရှိကြတယ်လို့ ခူးဘျားရယ်ပေါလ်လူက ပြောတယ်။

“တော်တော်လေးကို ဖွက်ထားမယ့် ဝေးဝေးတယောက်လောက်ပဲကျန်မယ် ကျတော်ထင်တယ်။ တရွာတလုံး ကျန်ဖို့က ခပ်ခက်ခက်လို့ပဲ ယူဆရတာပဲကို မရှိတော့ဘူး။ တန်ဖိုးဘယ်လောက်ထားထား စီးပွားရေးပိုင်း ဆာလာလို့ရှိရင် မနေသာတော့ပဲ ရောင်းထုတ်ရတဲ့အခြေအနေမျိုးပေါ့ ခေတ်ပျက်တဲ့ အခြေအနေမျိုးမှာ သွားတိုးတာကို”

အရင်တုန်းက ဖားစည်ကို ပိုက်ဆံနဲ့မ၀ယ်ကြပဲ ရွှေနဲ့လဲလှယ်ကြတယ်။ ဖားတဆင့်ပဲရှိတဲ့ ဖားစည်ဆိုရင် ရွှေတကျပ်ခွဲ၊ ဖား၂ကောင်ဆင့်ဆိုရင် ရွှေ ၃ ကျပ်နှုန်းလောက်ရှိတယ်။ ဖား၃ကောင်ဆင့်ဆိုရင်တော့ ရွှေ ၄ ကျပ်လောက်ရှိတယ်။ အဲဒီအချိန်တုန်းကဆိုရင် ရွှေတကျပ်ကို မြန်မာငွေ ကျပ် ၃၀၀ လောက်ပဲရှိပါတယ်။ ဖားအဆင့်ကောင်ရေပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ကြပါတယ်။

အခုလက်ရှိ ကယောဒေသ၊ သံလွင်မြစ်နားက ပရေစိုးလဲဒေသနဲ့ ဒီးမော့ဆိုဘက်မှာ ဖားစည်အချို့ ကျန်ရှိနေသေးပေမယ့် ဒေသခံတွေအနေနဲ့ မထုတ်ပြတော့ပဲ သိမ်းထားကြတာရှိသလို ကက်သလစ်သနာ ကျောင်းတိုက်နဲ့ ယဉ်ကျေးမှုပြတိုက်တွေမှာတော့ တွေ့မြင်နိုင်ပါသေးတယ်။

သို့ပေမယ့် အခုခေတ်မှာ ဖားစည်ပြုလုပ်ပုံအဆင့်ဆင့်ကို မသိရှိကြတော့လို့ နှောင်ဆိုရင် ဖားစည်ဟာ ပျောက်ကွယ်သွားနိုင်တော့ ကရင်နီလူမျိုးတွေအနေနဲ့ မိမိတို့ရဲ့ ဖိုးဖွားခေတ်မှာ လုပ်ဆောင်နိုင်ကြတာကို ပြန်လည်လေ့လာဆည်းပူးကြပါ။

ကရင်နီရဲ့ ဇာတိသွေး၊ ဇာတိမာန်တွေကို တခါပြန်နိုးကြားအောင်လုပ်ပြီး ကိုယ့်အရည်အချင်းကိုလည်း မြှင့်တင်ဖို့၊ ပြသဖို့လိုလာပြီလို့ ခူးဘျားရယ်ပေါလ်လူနဲ့ ကရင်နီစာပေနဲ့ ယဉ်ကျေးမှုဌာန ညွန်ကြားရေးမှူးက တိုက်တွန်းပြောကြားသွားပါတယ်။



ကရင်နီစာပေအကြောင်း တစေ့တစောင်း

ရေးသားသူ - ဗကျော်

ကျွန်ုပ် အနေဖြင့် ကရင်နီ အမျိုးသားများ၏ ကရင်နီစာပေနှင့် ပတ်သက်၍ အပြန်ပြန် အလှန်လှန် တွေးတောနေခဲ့သည်မှာ ရာစုနှစ် အပိုင်းအခြားခန့် ရှိပြီဆိုလျှင် မှားနိုင်မည် မဟုတ်ပါ။ ကရင်နီ အမျိုးသား စာပေနှင့် ပတ်သက်၍ ကျွန်ုပ် သိသမျှ ပြန်လည်ပြောဆိုရမည် ဆိုပါက ကရင်နီအမျိုးသားစာပေအား တီထွင်ဖန်တီးခဲ့သူမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၏ ပါတီဥက္ကဌနှင့် ၀န်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သော ကရင်နီအမျိုးသား စစ်စစ် ဖြစ်သည့် ဆရာကြီး ထဲဘူးဖဲပင် ဖြစ်ပါသည်။

၁၉၇၅ ခုနှစ် မမှတ်မိသော နေ့တနေ့တွင် ကရင်နီ စာပေနှင့် ပတ်သက်ပြီး မည်သို့မည်ပုံ ဖန်တီးပြုလုပ်ခဲ့ကြောင်းနှင့် ပတ်သက်၍ ကျွန်ုပ် အနေဖြင့် မေးမြန်းကြည့်ရာတွင် ဤကရင်နီစာပေအား မော်လမြိုင် မော်တရိန်းဂျက်ဆင် တက္ကသိုလ်တွင် စတင်၍ ရေးသားခဲ့ကြောင်း (ယခင်က မော်လမြိုင်မြို့တွင် တက္ကသိုလ် ကောလိပ်ကျောင်း မရှိသေးပါ) ဆရာကြီး ထဲဘူးဖဲ သင်ကြားရာ မော်တရိန်းဂျက်ဆင်ကျောင်းပင် တက္ကသိုလ်ကျောင်း ဖြစ်ခဲ့ပါသည်။ ကရင်နီ စာပေကို တီထွင်ခဲ့ရာတွင် ရှေးက ဗြဟ္မီစာ၊ ဗြဟ္မီပွား၊ ပျူစာ၊ မွန်စာ၊ မြန်မာစာတို့ကို ဦးစားပေး လေ့လာခဲ့ရကြောင်းကို ပြောပြခဲ့ပါသည်။ ၎င်းဗြဟ္မီစာ၊ ဗြဟ္မီပွား၊ ပျူစာ၊ မွန်စာ၊ မြန်မာစာတို့အား လေ့လာချင်စိတ် ရှိပါလျှင် မြန်မာအဘိဓါန်ကျမ်းတွင် တွေ့မြင်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဆရာကြီး ထဲဘူးဖဲမှာ မျိုးချစ်စိတ် ပြင်းထန်သူ တဦး ဆိုသည်ကို ကျွန်ုပ် နားလည်သဘောပေါက်ခဲ့ပါသည်။

ဆရာကြီးထဲဘူးဖဲ လက်ရေးဖြင့် စတင်တီထွင်ခဲ့သည့် ကရင်နီစာ
မှန်ပါသည် စာပေ မရှိသော လူမျိုးသည် လူမျိုးပါ ပျောက်သွားနိုင်သည့် အဆိုအမိန့်လည်း ရှိခဲ့ကြောင်း စာပေ လိုက်စားသူတိုင်း နားလည်ကြားဖူးကြမည်ဟု ထင်ပါသည်။

၁၉၈၁ ခုနှစ်တွင် ဆရာကြီး ထဲဘူးဖဲ ပြုစုရေးသားခဲ့သည့် ကရင်နီစာပေ လှုပ်ရှားမှု တရပ်ကို စတင်ခဲ့ပါသည်။ ၎င်းစာပေလှုပ်ရှားမှုအား ကရင်နီပြည် အမှတ် (၁) ခရိုင်အတွင်းရှိ ဒေါတခဲဟု ခေါ်သော တောင်ပေါ်ကလေးတွင် ပြုလုပ်ခဲ့ပါသည်။ ဤဒေါတခဲရွာကလေးမှာ တောင်ပေါ်တွင် ရှိသော်လည်း အိမ်ခြေ (၂၀) ခန့်နှင့် စာသင်ကျောင်းလည်း ရှိပါသည်။ ဤစာပေလှုပ်ရှားမှုတွင် စာပေ ဖခင်ကြီး ဆရာကြီး ထဲဘူးဖဲ၏ လမ်းညွှန်မှုများကို ခံယူ၍ စာပေ သင်တန်းကို ကြီးကြပ်သူများအဖြစ် အမှတ် (၁) ခရိုင်ဥက္ကဌ ဆရာကြီး တူရယ်၊ ယခု ကရင်နီအမျိုးသား ပါတီအတွင်းရေးမှူး ဆရာဦးရယ် စာပေလှုပ်ရှားမှုဖြင့် ခရီးထွက်သွားရာမှ မမျှော်လင့်ဘဲ ကျဆုံးသွားခဲ့သည့် ကျောင်းဆရာ ဆရာ ကျော်သန်းနှင့် ကျွန်ုပ်တို့ လေးငါးဦးပင် ဖြစ်သည်။ ဤစာပေလှုပ်ရှားမှုမှာ အထူးပင် အောင်မြင်ခဲ့ပါသည်။ သင်တန်းသူ သင်တန်းသား (၆၀) ကျော်ခန့် ရှိပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံမှ ခူးပလဲ အပါအဝင် ဝှေ့ဖွဲ့ရွာမှ အမျိုးသား အမျိုးသမီးများလည်း ပါဝင်သင်ကြားကြသဖြင့် ၁၉၈၁ ခုနှစ် စာပေလှုပ်ရှားမှု သင်တန်းမှာ အောင်မြင်သည်ဟုပင် ဆိုရပါမည်။ ဤနေရာတွင် ကျွန်ုပ်၏ အကြောင်းနှင့် ပတ်သက်၍ ပြောရမည် ဆိုပါက ကျွန်ုပ်မှာ ကရင်နီအမျိုးသား မဟုတ်သလို ကရင်နီဘာသာစကားကိုလည်း လုံးဝ တတ်ကျွမ်းသူ မဟုတ်ပါ။ ကျွန်ုပ် လုပ်ရသည့် အခန်းကဏ္ဍမှာ ကရင်နီ စာလုံးများကို ပီပြင်လှပအောင် ရေးပေးခြင်းနှင့် ရုပ်ပုံများကို ရေးဆွဲပေးခြင်းသာ ဖြစ်ပါသည်။

၁၉၈၁ ခုနှစ် သင်တန်း ပြီးဆုံး၍ ၁၉၈၂ ခုနှစ်တွင် အမှတ် (၁) ခရိုင်တွင် စာပေ လှုပ်ရှားပြန့်ပွားမှုကို ပြုလုပ်ပြန်ရာ ပင်မ ၁၉၈၁ ခုနှစ်ထက် သင်တန်းသူ သင်တန်းသားများ ပို၍ များပြားလာခဲ့ပါသည်။ သင်တန်းတွင် ကျွန်ုပ် တာဝန်က ၁၉၈၁ ခုနှစ်ကဲ့သို့ပင် စာလုံးများကို လှပအောင် ရေးပေးခြင်း လိုအပ်သည့် ပုံများ ရေးဆွဲပေးခြင်းပင် ဖြစ်ပါသည်။ (၎င်းအချိန်ကာလတုန်းက ကရင်နီ လက်နှိပ်စက် ကွန်ပြူတာဖြင့် ပြုလုပ်သော ကရင်နီစာလုံးများ မရှိခဲ့ပါ) ဤနေရာတွင် ကျွန်ုပ်ကို ကျွန်ုပ် ဆန်းစစ်ကြည့်မိပါသည်။ ကျွန်ုပ်သည် ၁၉၇၃ ခုနှစ် နှောင်းပိုင်းကတည်းက ကရင်နီများနှင့် လက်ပွန်းတတည်း နေခဲ့ရသော်လည်း ကရင်နီ ဘာသာစကားကို လုံးဝ မတတ်မြောက်ခဲ့သည်မှာ ကျွန်ုပ်၏ ပျော့ညံ့ချက်ပင် ဖြစ်ပါသည်။

၁၉၈၂ ခု စာပေလှုပ်ရှားမှု သင်တန်း ပြီးဆုံးသွားပြီးနောက် ကျွန်ုပ်နှင့် ကရင်နီ စာပေမှာ ကင်းကွာခဲ့ပါသည်။ ကရင်နီအမျိုးသား၊ အမျိုးသမီး မိတ်ဆွေများနှင့်တော့ မကြာမကြာ တွေ့ဆုံခဲ့ကြပါသည်။ သို့သော် ကရင်နီစာပေအား အမှတ် (၂) ခရိုင်ရှိ စာသင်ကျောင်းများနှင့် အမှတ် (၁) ခရိုင် စာသင်ကျောင်းများတွင်လည်း ကရင်နီစာပေကို သင်ကြားနေကြောင်း ကြားသိရ၍ ကျွန်ုပ် စိတ်ချမ်းသာ ရပါသည်။

မမှတ်မိနိုင်သော ခုနှစ်၊ မမှတ်မိနိုင်သော နေ့တနေ့တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သတင်း တခု ကြားသိရ၍ ကျွန်ုပ် အနေဖြင့် အထူးဝမ်းသားမိခဲ့ပါသည်။ အခြားသတင်းကြောင့် မဟုတ်ပါ။ ကရင်နီအမျိုးသား စာပေအား ကွန်ပြူတာ ခလုတ်များဖြင့် ရိုက်နိုင်ပြီ ဆိုသည့် သတင်းပင် ဖြစ်ပါသည်။ ကွန်ပြူတာထဲတွင် ကရင်နီစာလုံး အက္ခရာများ ထည့်နိုင်ရန်အတွက် ပြုလုပ်ဖန်တီးပေးသူမှာ နိုင်ငံခြားသား တဦး ဖြစ်သည့် ဝီလျှံဆိုသူနှင့် ကရင်နီအမျိုးသား တိုးတက်ရေပါတီ အတွင်းရေးမှူး (၁) ဆရာဦးရယ်တို့၏ ကြိုးစားမှုပင်ဖြစ်ကြောင်း သိရ၍ ၎င်းတို့ နှစ်ဦးအတွက် ဂုဏ်ယူမိပါသည်။

၂၀၁၀ ခုနှစ်ပိုင်းတွင် နေ့ရက်ကို မမှတ်မိတော့ပါ၊ ကရင်နီစာပေ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့သည့် ဆရာတူရယ်မှ ဖုန်းဆက်၍ ကရင်နီစာပေဖြင့် ဓမ္မကျမ်းစာအုပ်ကို ပြုလုပ်ပြီးစီးပြီဖြစ်ကြောင်း ၎င်းသမ္မကျမ်းစာအား ဦးစီးပြုလုပ်ပေးသူမှာ နိုင်ငံခြားသား ဂျွန်ကရင်း ဖြစ်ကြောင်းနှင့် ဤသမ္မကျမ်းစာ ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုပွဲ ပြုလုပ်မည် ဖြစ်၍ ဤအခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်မန္တက ပြုသော်လည်း ကျွန်ုပ်၏ အသက်အရွယ်နှင့် သွားရောက်ခြင်း မဖြစ်နိုင်ကြောင်း ပြောပြလိုက်ရင်း ကရင်နီအမျိုးသား စာပေအတွက် အထူးပင် ဂုဏ်ယူလျှက်ရှိသည်ကိုကား ကျွန်ုပ်အပြင် တခြားသောသူများ သိနိုင်လိမ့်မည် မဟုတ်ပါ။

၂၀၁၂ ခုနှစ် မတ်လပိုင်းတွင် ဆရာကြီး တူရယ်နှင့် လူရွယ်တယောက် ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ကရင်နီဗျဉ်းများတွင် ထည့်သွင်းရန် ရုပ်ပုံများ ရေးပေးရန် လာရောက် အကူအညီ တောင်းသဖြင့် မငြင်းသာဘဲ လက်ခံလိုက်ပါသည်။ ၎င်းကရင်နီဗျဉ်းများမှာ (၂၈) လုံး ရှိသဖြင့် ပုံပေါင်း (၂၈) ပုံ ရေးပေးရမည် ဖြစ်သည့်အတွက် ကျွန်ုပ်အတွက်လည်း မျက်မှန်တလက် ပြုလုပ်ပေးရန် တောင်းခံသဖြင့် ဆရာကြီး တူရယ်နှင့် လူရွယ်မှာ သဘောတူကြပါသည်။ နောက်ပိုင်း စုံစမ်းသိရှိရသည်မှာ ဆရာကြီး တူရယ်မှာ ကရင်နီစာပေ၏ ညွှန်ကြားရေးမှူး ဖြစ်သကဲ့သို့ ၎င်းလူရွယ်မှာ ပုံများ ကိစ္စနှင့် ပတ်သက်ပြီး ကျွန်ုပ်ထံသို့ မကြာခဏဆိုသလို ရောက်လာသဖြင့် ၎င်း၏ အမည်မှာ ခူးတော်ရယ် ဖြစ်ကြောင်း သိရပြီး ကျွန်ုပ်နှင့်လည်း များစွာ ခင်မင်သွားကြပါသည်။ နှစ်ပါတ်ခန့် ကြာသည့်အခါ ရေးဆွဲခိုင်းထားသော ပုံများ ပြီးစီးပြီ ဖြစ်ကြောင်း အကြောင်းကြားလိုက်သဖြင့် ဆရာကြီး တူရယ်နှင့်အတူ တော်ရယ်လည်း ရောက်လာပြီး ပုံများကို စစ်ဆေးကြည့်ရှုကာ ကျွန်ုပ် တောင်းထားသော မျက်မှန်ဖိုးကိုလည်း ပေးခဲ့ပါသည်။

၂ ရက် အကြာတွင် စာပေဥက္ကဌ ကားဖြင့် ရောက်လာပြီး ကျွန်ုပ်အား ဧပြီလ ၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြို့တွင်းရှိ ဌာနချုပ် တည်းခိုခန်း ရှိရာ အစည်းအဝေး ခန်းမတွင် ကရင်နီစာပေနှင့် ပတ်သက်သည့် အစည်းအဝေး တခုကို Finish Refugee Council (FRC) မှ ပြုပ်လုပ်မည် ဖြစ်၍ ကျွန်ုပ် အနေဖြင့် ၎င်းအစည်းအဝေးပွဲသို့ တက်ရောက်ပါရန် ပြောလာသဖြင့် ကျွန်ုပ် အနေဖြင့် အသက်အရွယ် ကြီးရင့်ပြီ ဖြစ်၍ မဖြစ်နိုင်ကြောင်း ပြောသည့်အခါ စာပေဥက္ကဌ တော်ရယ်မှ သွားလာရန်အတွက် စိုးရိမ်စရာ မလိုကြောင်း (FRC) မှ ကားဖြင့် ကျွန်ုပ်အား အကြိုအပို့ လုပ်ပေးမည် ဖြစ်ကြောင်း ပြောသဖြင့် မငြင်းသာတော့ဘဲ အစည်းအဝေး တက်ရန် ကျွန်ုပ် လက်ခံလိုက်ရပါတော့သည်။

၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက် နံနက် ၈ နာရီခွဲတွင် ကျွန်ုပ်ကို လာရောက်ကြိုဆိုရန် တံခါး လေးပေါက်ရှိ ဖိုးဝီးကား တစီး ရောက်လာပါသည်။ ကားမောင်းလာသူမှာ ယောက်ျားလေး မဟုတ်ဘဲ မိန်းကလေး ဖြစ်နေသည်ကို တွေ့ရပါသည်။ ကျွန်ုပ်လည်း လာကြိုသည့် ကားမောင်းသူအား နုတ်ဆက်စကား ပြောကြားကာ ကားဖြင့် လိုက်ပါခဲ့ပါသည်။ အစည်းအဝေး ပြုလုပ်မည့် ခန်းမသို့ ကားမောင်းလာသည့် မိန်းကလေး၏ နောက်မှ လိုက်သွားခဲ့ပါသည်။ အစည်းအဝေး ခန်းမအတွင်းတွင် လူပေါင်း ၁၅ ဦးခန့်ကို မြင်တွေ့ရပါသည်။ ကျွန်ုပ်လည်း ဆရာကြီး တူရယ်၏ အနီးတွင် နေရာယူ ထိုင်လိုက်ပြီး စားပွဲပေါ်တွင် ချထားသည့် ကော်ဖီ၊ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်များနှင့်အတူ အင်္ဂလိပ်စာဖြင့် ရေးသားထားသော စာအုပ်အား ကောက်ယူဖတ်ကြည့်လိုက်ရာ (FRC) မှ သင်တန်းအတွက် ရေးထားသော စာများ ဖြစ်ပြီး အဆိုပါ သင်တန်းတွင် ထိုင်း၊ မြန်မာ၊ ကရင်နီ ဘာသာ သုံးမျိုး သင်ကြားမည် ဖြစ်ပြီး ထိုင်းဘာသာရပ်အတွက် ထိုင်းအမျိုးသမီး အသက် ၆၀ ခန့်ရှိ ဒေါက်တာ ပင်လိုင်း ဆိုသည့် အမျိုးသမီးနှင့် မြန်မာစာပေအတွက် ဒေါက်တာ တင်ဝင်း (မြန်မာအမျိုးသမီး) တဦးက ဦးစီး၍ ကရင်နီဘာသာတွင် မော်သဲမာမှ ဦးစီးပါသည်။ သုံးဘာသာ စလုံး သင်ယူကြည့်သူများမှာ ကရင်နီအမျိုးသား အမျိုးသမီးများပင် ဖြစ်ပါသည်။ သင်တန်းတွင် ကြီးကြပ်သည့် သူမှာ ဖင်လန်နိုင်ငံသား ဖြစ်ပြီး အာဖရိကမှ အသားမဲမဲ အမျိုးသမီး တဦး၊ JRS မှ စပိန်အမျိုးသမီးတို့အားလည်း မြင်တွေ့ရပါသည်။ ၎င်းသင်တန်းအား ကျွန်ုပ် အနေဖြင့် လေ့လာကြည့်ရာ မြန်မာပြည်တွင် ယခင်က ပြုလုပ်ခဲ့သည့် (၀ထကလသ) ပုံစံမျိုးပင် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကရင်နီအမျိုးသားများ အနေဖြင့် မိမိတို့ စာပေအတွက် ဖင်လန်နိုင်ငံမှ (FRC) NGO မှပင် ကရင်နီစာပေအား အားပေးအားမြှောက် ပြုလုပ်ပေးနေပြီ ဖြစ်၍ ဤအချက်ကို လုံးဝ လက်လွတ်မခံသင့်ပေ။ တချိန်က မရှိခဲ့သော မိမိတို့ စာပေအတွက် အားပေးလာသူများ ရှိလာပြီ ဖြစ်၍ မိမိတို့ ကရင်နီအမျိုးသားထု အနေဖြင့်လည်း ဂုဏ်ယူ၍ နိုးကြားကြိုးစားကြာရန် အဓိက လိုအပ်ပါလိမ့်မည်။

"စာပေ မရှိလျှင် လူမျိုးပါ ပပျောက်သွားနိုင်မည်" ဆိုသည့် စကားရပ်အား ယနေ့ ကရင်နီအမျိုးသားများ အနေဖြင့် ကျော်ဖြတ်တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်၍ မိမိတို့၏ ကရင်နီစာပေအား ပျောက်ပျယ်မသွားရန်နှင့် မိမိတို့၏ အမျိုးသားများ အနေဖြင့် အခြားသော လူမျိုးစုများအပေါ် စာပေကဏ္ဍတွင် ရင်ဘောင်တန်းနိုင်ပြီ ဖြစ်၍ မိမိတို့၏ ယဉ်ကျေးမှု စာပေအား ဂုဏ်ရှိန်မြင့်မားသထက် မြင့်မားအောင် ထိန်းသိမ်းရန် လိုအပ်ပြီ ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ပစ်ခတ်ရပ်ပြီး ရက်၁၀၀ကျော်မှာ တိုက်ပွဲဖြစ် သို့သော် ငြိမ်းချမ်းရေးကို မထိခိုက်နိုင်

ရေးသားသူ - ကူးဒူ

ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်နဲ့ မြန်မာအစိုးရတပ်တို့အကြား ဇွန်လ ၂၈ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။

အဆိုပါတိုက်ပွဲဟာ နှစ်ဦးနှစ်ဘက်ပစ်ကြခတ်ကြတာကို ရပ်ဆိုင်းဖို့ ၂၀၁၂ခုနှစ်မတ်လ (၇) ရက်နေ့က KNPP နဲ့ အစိုးရတို့ ပြည်နယ်အဆင့် သဘောတူလက်မှတ် ရေးထိုးပြီးတဲ့နောက် ပထမဦးဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။

"ရိက္ခာတွေ ဘာတွေ သယ်တာတို့အတွက် လုံခြုံရေးယူထားတာပဲဖြစ်တယ်လို့ ပြောတော့ ကျနော်တို့လဲ လက်ခံပါတယ်. အခုက သူတို့တပ်စခန်းနဲ့ အလှမ်းဝေးတဲ့ နေရာကိုရောက်တော့ ထပ်ပြီးအကြောင်းပြန်ကြားတယ် အဲဒါက ကျနော်တို့ တပ်မဟုတ်ဘူးလို့ သူအဲလို ပြန်ပြောလာတဲ့ အခါကျတော့ မနေ့က မနက် ၁၀ နာရီလောက်မှာ ပွာဒို ကျေးရွာမှာ တိုက်ပွဲက ဖြစ်သွားတယ်"
အခင်းပြစ်ပွားခြင်းနဲ့ပါတ်သက်ပြီး KNPPအတွေးရေးမှူး (၂) ဦးအောင်ဆန်းမြင့် ရှင်းပြသွားတာဖြစ်ပါတယ်။

KNPPနှင့် မြန်မာအစိုးရတို့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးစဉ် (ဓါတ်ပုံ-ကေတီ)

မော်ချီးနဲ့ ၁၅ မိုင်ကွာအဝေးရောက်ရှိလာတဲ့ စစ်ကြောင်းကို ကရင်နီတပ်မတော်ဘက်မှ နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီးကို လှမ်းအကြောင်းကြားခဲ့ပြီး ၎င်းတို့တပ်မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဖက်တပ်လှုပ်ရှားမှု နယ်မြေများကို သတ်မှတ်ထားကြပြီး နယ်မြေမကျူးကျော်ရန် သဘောတူညီချက် ထားရှိကြပြီး ဖြစ်ပါတယ်။

ကရင်နီပြည်နယ် မော်ချီးမြို့နယ် အခြေစိုက် ခလရ ၅၃၀ တပ်ရင်းနဲ့လူအင်းအား တစ်ရာကျော်တို့ဟာ ကရင်နီ လှုပ်ရှားနယ်မြေကို ကျူးကျော်လုပ်ရှားလာတဲ့အတွက် တိုက်ပွဲပြန်လည်ဖြစ်ပွားသွားခြင်းဖြစ်ပြီး အစိုးရတပ်ဘက်မှ ထိခိုက်မှု အနည်းငယ်ရှိနိုင်လို့ သိရပါတယ်။

KNPP နဲ့အစိုးရ တို့ဟာ ပြီးခဲ့တဲ့ဇွန် လ ၉ ရက်နေ့မှာ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးနေချိန်မှာ တပ်ပိုင်းဆိုင်ရာအချက်များ မပြေလည်နိုင်သေးတဲ့အတွက် ဆက်လက်ပြီးဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးတဲ့နောက် ရက်ပေါင်း ၁၀၀ ကျော်မှာ အခုလို ပြန်လည်စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ နှစ်ဦးနှစ်ဘက်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို မထိခိုက်နိုင်ဘူးလို့ KNPP ဘက်ကဆိုပါတယ်။

"ဒီနေ့ အစိုးရတွေနဲ့အဆက်သွယ် ပြန်လုပ်တယ်လေး အဲဒါ သူတို့လဲ သဘောပေါက်ပါတယ် ဒါကတော့ အောက်ခြေက ရဲဘော်တွေရဲ့အမြင်မှားမှုတွေ အသေးမွားမှုလေးတွေပါ တိုက်ပွဲ အကြီးရယ်တော့ မဟုတ်ပါဘူး  အဲဒီတွက်ကြောင့် နှစ်ဖက် ပြန်ထိန်းဖို့တော့ ပြောထားကြဖို့ စကားပြောဖြစ်ကြပါတယ်။ တိုက်ပွဲဖြစ်ပြီးမှ အခု သူတို့မော်ချီးမှာ သူတို့တပ်ရင်းကို ပြန်ရောက်သွားနေပြီ" လို့ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

KNPP နဲ့အစိုးရအကြား တပ်မတော် အစိုးရလက်ထက် ၁၉၉၅ ခုနစ်က အချက် ၁၆ ချက်နဲ့ အပစ်ရပ်စဲရေး သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ၃ လအကြာမှာ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုပျက်ပျယ်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

အခုတခေါက် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ပြီးခဲ့တဲ့မတ်လ ၇ရက်နေ့မှာ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး မေလ၉ရက်နေ့မှာတော့ အချက် ၁၄ ချက်နဲ့နှစ်ဦးနှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးထားကြပါတယ်။

တပ်မြေအဖြစ်သို့ ရောက်ရှိ မသွားစေဖို့ လူထုစုပေါင်း ဆုတောင်းပွဲ ပြုလုပ်

ရေးသားသူ - ကူးဒူ

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ထဲက အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းအတွက် သိမ်းယူထားတဲ့ခြံမြေကို ပြန်လည်ရရှိနိုင်ဖို့ ဒေသခံလူထူတွေက
မာဖရိုရှေ့ရွာမှာ စုပေါင်းဆုတောင်းပွဲ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

"လောဂျာ ဒေါလောခူ ခူးရာခူ ဒေါတထော် နဲ မာဖရိုရှေ့ ပေါ့နော် သူတို့ ငါးရွာက ဒီသိမ်းခံထားရဲတဲ့မြေတွေကို ပြန်ရဖို့အတွက် ဘုရားရှင်ဆီမှာ ဆက်ကပ်
ဆုတောင်းတဲ့ သဘောပါ" လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း ဒီခြံမြေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရ၍ စိုက်ပျိုးရာသီချိန်ကာလတွင် ပြန်လည်စိုက်ပျိုးနိုင်ဖို့
ကျေးရွာ (၅) ရွာကနေပြီး ဒီနေ့မနက်မှာ ဝတ်ပြုဆုတောင်းကြတာ ဖြစ်ပါတယ်။
ခိုလျှေဆိုတောင်ပေါ်၌ လူထုတွေ့ဆုံဆုတောင်းပွဲကျင်းပပြုလုပ်နေကြစဉ် (ဓါတ်ပုံ-ကေတီ)
စစ်ရေးလေ့ကျင့်ကျောင်း တည်ဆောက်ထားတဲ့ လောဂျာ ၊ ဒေါလောခူ နဲ့ မာဖရိုရှေ့ ကျေးရွား သုံးရွာရဲ့ အကြားမှာ တည်ရှိတာမို့  ဆက်စပ် ဧရိယာ ဆိုပြီး
ထပ်မံတိုးချဲ့လာတဲ့ အခြေအနေပေါ်မှာလည်း ဒေခံလူထုတွေက စိုးရိမ်နေကြရပါတယ်။

လျှော်ကြေးထက် တပ်သိမ်းမြေတွေကိုသာ အလိုရှိကြောင်းနဲ့ တပ်မြေအဖြစ်မသတ်မှတ်နိုင်ကြောင်း၊ ဒါတွေကို တဖက်တလမ်းကနေ ကာကွယ်နိုင်တဲ့နည်းတွေနဲ့ ယခုလို ပြုလုပ်နေကြရတာပါလို့လည်း ဖရူဆိုမြို့မှ ဒေသခံတဦးက ပြောပါတယ်။

"အခု ဝတ်ပြုဆုတောင်းပွဲကို ဘာသာပေါင်းစုံနဲ့ လုပ်ချင်ပါတယ် ဒါပေမဲ့ အခြေနေအရကြောင့် မဖြစ်လာနိုင်သေးဘူး အခုလို လုပ်ရှားမှုလုပ်တာလည်း ပထမဆုံးအကြိမ်လဲ ဖြစ်တဲ့အတွက်ကြောင့် တခြားအဖွဲ့စည်းတွေနဲ့ မစုစည်းနိုင်သေးတာလဲပါ ပါတယ်။ ဒီနေ့ မနက်မှာက ကက်သလစ် ဘာသာ တခုထဲကိုပဲ ဝတ်ပြုဆုတောင်းနေရတယ်လို့”လို့ ပြောပါတယ်။

ယခင်လတွင်လည်း တပ်သိမ်းမြေယာတွေကို လေ့လာစောင့်ကြည့်တဲ့ မြို့နယ်အဆင့်ကော်မတီက ကွင်းဆင်းတိုင်းတာချက်မှာလည်း ဧကရာချီကွာဟလျက်ရှိနေပါတယ်။

စစ်တပ်မှ စစ်သုံးမြေပုံအရတွက်ချက်ရာတွင်ဧကပေါင်း (၂၆၆၉) ဧကရှိပြီး ယခု GPS ဖြင့်လက်တွေ့ ကွင်းဆင်းတိုင်းတာ တွက်ချက်ရာတွင် (၃၂၅၇) ဧကရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်ဘယ်တော့ အလင်းရောင်ရမလဲ…

ရေးသားသူ - စေးရယ်စိုး

လျှပ်စစ်ဓတ်တိုင်အနားမှာနေပြီး လျပ်စစ်မီးမထွန်းနိုင်တဲ့ ရွာတွေထဲမှာ ဒေါဖိုးကြည်ဆိုတဲ့ရွာလေးလည်း ပါနေပါတယ်။ အိမ်ခြေ ၂၀၀ ၀န်းကျင်လောက်ရှိတဲ့ ဒေါဖိုးကြည်ဟာ ကရင်နီပြည် လွိုင်ကော်မြို့နဲ့ ကပ်လျက်ရှိနေပါတယ်။

ဒီးမော့ဆိုမြို့ကနေ လာမယ်ဆိုရင် လွိုင်ကော်မြို့ရဲ့ အ၀င်ဝလေးနားမှာပါ။ ရွာရဲ့ရှေ့မှာ လွိုင်ကော်နဲ့ ဒီးမော့ဆိုကို သွားတဲ့ ကားလမ်းမကြီးရှိပါတယ်။

ကားလမ်းနံဘေးမှာဆိုလျှင် လွိုင်ကော်မြို့ကနေ ဒီးမောဆိုမြို့ကို လျှပ်စစ်တိုင်တွေ သွယ်တန်းသွားပါတယ်။ လျှပ်စစ်ဓါတ်တိုင်တွေက အိမ်နံဘေးမှာ ဖြတ်သွားတယ်ဆိုပေမယ့်လို့ ဒီရွာလေးဟာ လျှပ်စစ်မီးမထွန်းနိုင်ကြပါဘူး။ ဒါကလည်း နှစ်ပေါင်းတော်တော်လေး ကြာခဲ့ပါပြီ။

ကရင်နီ ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓါတ်တိုင် (ဓါတ်ပုံ-ကေတီ)
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော် ဒေသခံတွေကို သွားရောက်မေးမြန်းကြည့်တဲ့အခါ…

မေး… အိမ်တွေမှာ မီးကြိုးသွယ်တာ မတွေ့ဘူး။ ညည ဘာတွေထွန်းကြလဲ။
ဒေသခံ လူငယ်သုံးယောက်ထဲက တယောက်က… ညညဆို ဆီမီးခွက်နဲ့ ဖယောင်းတိုင်ထွန်းပါတယ်၊ ကလေးတွေလည်း ညဘက်ဆို
ဖယောင်းတိုင်နဲ့ပဲ စာကျက်ကြပါတယ်။
မေး…  လူငယ်တွေအနေနဲ့ ကိုယ်ရပ်ရွာကို ဘယ်လိုဖြစ်စေချင်လဲ။
လူငယ်… ကျနော်တို့ ရပ်ရွာအတွက်လျှပ်စစ်မီး ရချင်ပါတယ်။
မေး…  အကယ်၍ လျှပ်စစ်မီးရရင်ဘာလုပ်မလဲ။
လူငယ်…  အဓိက စာကျက်ဖို့ပါပဲ ညီငယ်ညီမငယ်တွေ ကျောင်းတက်နိုင်ဖို့စာကြည့်နိုင်ဖို့အတွက်ပဲ အရေးကြီးပါတယ်။ စာကြည့်ဖို့အတွက် ဖယောင်းတိုင်နဲ့ဆိုရင် သိပ်အဆင်မပြေတော့ဘူး။
မေး…  မီးရရင်  TV  ရုပ်မြင်သံကြားတွေ ကြည့်လို့ရတာပေါ့နော်။
လူငယ်… ဟုတ်ပါတယ် ။ အဲ့ဒါတွေလိုပါတယ်။

လူငယ်တစုနဲ့ တွေ့ပြီးတဲ့နောက်မှာ အသက် ၆၀ အရွယ်ရှိပြီ ဖြစ်ဒေါ်ဗြားမာနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒေါ်ဗြားမာဟာ ဒေါဖိုးကြည်ရွာမှာ မွေးခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ လုံးလုံး မီး တခါမှမရကြပါဘူး။ အဒေါ်က မီးလိုချင်တယ်လို့ ပြောပါတယ်။ မီးရခဲ့ရင် သူမရဲ့ မြေးလေးတွေ စာဖတ်ဖို့အဆင်ပြေမှာ ဖြစ်သလို ရပ်ရွာအတွက်လည်း အကျိုးရှိမှာဖြစ်တယ်လို့ ဒေါဗြားမာက ပြောပါတယ်။

“လျှပ်စစ်မီးလိုချင်လွန်းလို့ရွာမှာ ပိုက်ဆံတွေ ကောက်ပြီး စုငွေတွေလုပ်ကြပါတယ်” လို့ ဒေါ်ဗြားမာက ပြောပါတယ်။

ဒေါ်ဗြားမာနဲ့ စကားပြောနေချိန်မှာ အဒေါ်ရဲ့တူမက ငွေစုရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျပ် သိန်းရာနဲ့ချီပြီး စုရတယ်ဆိုလားလို့ သူမဘက်ကိုလည့်ပြီး အသေးစိတ် ထပ်မေးကြည့်ပါတယ်။

မေး… မီးရဖို့စုငွေတွေ လုပ်တယ်ဆိုတော့ ဘယ်နှစ်နှစ်လောက်ရှိနေပြီလဲ။
ဒေါ်ဗြားမာတူမ… သုံးနှစ်ရှိသွားပါပြီ (ကျပ်) သိန်းလေးရာရဖို့ သုံးနှစ်ရှိပြီ။ အခုထိ ငွေကမပြည့်သေးဘူး။
မေး…  ရွာသားတွေရဲ့ ကိုယ်ထူကိုယ်ထ စုငွေက သုံးနှစ်အတွင်းသိန်းနှစ်ရာရတယ်။
အဲ့ဒီသိန်းနှစ်ရာကို ထရမ်စဖေါ်မာနဲ့ ဝယ်လိုက်တယ်။ အခုသိန်းနှစ်ရာကျော်ထပ်စုမယ်။ အဲ့ဒီ
သိန်းနှစ်ရာကျော်က ဘာအတွက်လဲ။
ဒေါ်ဗြားမာတူမ …  မီးကြိုးတွေဝယ်ရမယ်။ ရပ်ကွက်ထဲမှာ သွယ်တန်းရမယ့် ဓာတ်တိုင်တွေကိုယ့်ဘာသာကိုယ် ဝယ်ရမှာဖြစ်တယ်။
မေး…  ဒီရွာမှာအစ်မတို့ ဘာတွေလုပ်ကိုင်စားသောက်ကြလဲ။ ယက်ကန်းယက်တယ်နော် နွားမွေးတယ် တခြားဘာတွေလုပ်လဲ။
ဒေါ်ဗြားမာတူမ …  နွားမွေးတယ်၊ ဝက်မွေးတယ်။
မေး… ဒီရွာမှာဝင်ငွေရဖို့ ဘာတွေရောင်းလဲ။
ဒေါ်ဗြားမာတူမ …  ထွေထွေထူးထူးမရှိပါဘူး။
မေး… ယက်ကန်းတွေယက်တာကော ရောင်းလို့မရဘူးလား။
ဒေါ်ဗြားမာတူမ …  ရောင်းလို့မရပါဘူး အိမ်သုံးဖို့ပါပဲ ဝင်ငွေအတွက်တော့ ကျပန်းအလုပ်တွေပဲ လုပ်ရပါတယ်။
မေး…  စပါးတွေရိတ်တယ်နဲ့တူတယ် ရွာမှာတောင်ယာတွေ လယ်ယာတွေရှိလား။
ဒေါ်ဗြားမာတူမ … ဟုတ်ပါတယ် ကျမတို့ရွာမှာ လယ်ယာတွေလုပ်ကိုင်စားသောက်ပါတယ်။

ဒေါဖိုးကြည်တရွာတည်းတော့ မဟုတ်ပါဘူး။ ဒေါဖိုးကြည်လိုပဲ လျှပ်စစ်အစား ဖယောင်းတိုင်နဲ့
ထင်းရူးဆီကိုပဲ နှစ်ပေါင်းများစွာ သုံးလာခဲ့ကြတဲ့ရွာတွေ ကရင်နီပြည်မှာ မနည်းလှပါဘူး။ ကရင်နီပြည်မှာ ထွက်တဲ့လျှပ်စစ်ကို ကရင်နီပြည်သူပြည်သားတွေကသုံးပိုင်ခွင့်မရှိတဲ့အတွက် ကရင်နီတပ်မတော်တွေက လျှပ်စစ်ဓာတ်တိုင်ကို ပစ်ခတ်မှုတွေပြုလုပ်ပါတယ်။

ဒါကိုအကြောင်းပြုပြီး အစိုးရဖက်ကနေ ဓာတ်တိုင်နံဘေးရဲ့ ပတ်ပတ်လည်မှာ မြေမြုပ်မိုင်းတွေ ချထားတတ်ပါတယ်။ အဲ့ဒီမြေမြုပ်မိုင်းတွေက တပ်တွေကိုမထိပဲ ဒေသခံရွာသားကို ဒုက္ခပေးစေတတ်ပါတယ်။ အထူးသဖြင့် နွားကျောင်းထွက်တဲ့ကလေးတွေ၊ ငှက်ပစ်ထွက်တဲ့ ကလေးတွေအတွက် အင်မတန်မှ စိုးရိမ်စရာကောင်းလှပါတယ်။ 

“စက်ရုံကို သူများလာမဖျက်ဆီးဖို့အတွက် အကာအကွယ်တွေ လုပ်ဖို့ဓာတ်တိုင်
နံဘေးမှာ မြေမြုပ်မိုင်းတွေ ချထားပါတယ်။ မြေမြုပ်မိုင်းတွေကို တော်တော်များများ ချထားကြပါတယ်။ သောင်းဂဏန်းနဲ့ချီပြီး ချထားကြပါတယ်။ မတ်လ ၂၁ ရက် (၂၀၁၂) ကဆိုရင် (၆)မိုင်အနားမှာ ထောင်ထားတဲ့မြေမြုပ်မိုင်းကို ကလေးတွေ သွားဖြုတ်တယ်။ ငှက်ပစ်တဲ့ ကလေးသုံးယောက်ကနေ သွားဖြုတ်တယ် ။ ကလေးဆိုတော့လည်း မသိလို့ ဓာတ်တိုင်အနားမှာ ထောင်ထားတဲ့ မိုင်းကိုဖြုတ်ပြီး သစ်ပင်အောက်မှာ သွားပြီးဆော့ကစားကြတယ်။ ဆော့ကစားရင်းနဲ့ မိုင်းကပေါက်တော့ ကလေးနှစ်ယောက်ဆုံးသွားတယ်။ နှစ်ယောက်ဒဏ်ရာရသွားတယ်။

ဒဏ်ရာရတဲ့အထဲမှာ လူကြီးတစ်ယောက်ပါတယ်။ မိုင်းကို ဆော့ကစားနေတဲ့ ကလေးက သုံးယောက်ပေါ့။ လူကြီးတယောက်က ကလေးကိုသွားခေါ်မလို့လုပ်ရင်း မိုင်းကတခါတည်းပေါက်တော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာရသွားတဲ့ ကလေးတယောက်နဲ့ လူကြီးတယောက် အခုလွိုင်ကော်ဆေးရုံမှာ တက်နေရတယ်။ (၆) မိုင်က လွိုင်ကော်နဲ့ ဒီးမောဆိုသွားတဲ့ လမ်းမကြီးနံဘေးမှာပဲ။ လူတွေနေတဲ့ ရွာနဲ့မြို့တွေကြားမှာတောင် မိုင်းထောင်ထားတယ်ဆိုတော့ လောပိတစက်ရုံအနီးအနားမှာဆိုရင် မြေမြုပ်မိုင်းတွေ ရှိနေပါတယ်။”

ကရင်နီဖွံ့ဖြိုးရေးသုတေတနအဖွဲ့ KDRG မှ တာဝန်ခံ ခူတော်ရယ်ပြောပြတာ ဖြစ်ပါတယ်။

“အမှန်တော့ ဒီလျှပ်စစ်မီးဟာ ကျနော်တို့ ကရင်နီပြည်အတွက် အကျိုးရှိဖို့လိုတယ်။ မြန်မာပြည်အထက်ပိုင်းမှာ သွားရင်သွားပါစေ ဒါပေမယ့် ကရင်နီပြည်သူပြည်သားတွေကို ဒုက္ခမပေးဖို့လိုအပ်တယ်။ အခုက အဲ့လိုမျိုးမဟုတ်ဘူး။ ပြောင်းပြန်ဖြစ်နေတယ်။ ဆန့်ကျင်ဘက်လိုဖြစ်နေတယ်။ ခုဟာက ဖွံ့ဖြိုးရေးလို့ဆိုပြီး ပြည်သူတွေအတွက် အကျိုးမရှိဘဲ ပြည်သူတွေကို ဒုက္ခပေးနေတယ်။ လူထုအတွက်အကျိုးမရှိဘူး။ လျှပ်စစ်စက်ရုံနဲ့ နီးတဲ့သူ ဓာတ်တိုင်နဲ့ နီးနေတဲ့ပြည်သူတွေကို မီးပေးသင့်တယ်။ လူတွေကို ဒုက္ခပေးစေမယ့် မြေမြုပ်မိုင်းတွေကို ဖြုတ်ပစ်ဖို့လိုမယ်။ အခုစက်ရုံနဲ့ နီးတဲ့လူတွေရဲ့ သွားလာရေးနဲ့ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေရှိတယ်။ ရှုပ်ထွေးမှုတွေလည်း ဖြစ်စေတယ်။”

အခုချိန်ဟာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့ကြားမှာ နှစ်ဦးနှစ်ဖက် ပစ်ကြခတ်ကြတာတွေရပ်ဖို့ ပဏာမသဘောတူ လက်မှတ်ရေးထိုးကြတဲ့ အချိန်ကာလပါ။ ယခုလို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေထဲမှာ ကရင်နီပြည်ကြီး အလင်းရောင်ရဖို့ လျှပ်စစ်မီး
ကိစ္စတွေလည်း ပါဝင်ဆွေးနွေးကြတာကို တွေ့ရပါတယ်။

“စက်ရုံရှိမှ တခြားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ယိုးဒယားမှာလည်း အလားတူလုပ်နေတာဘဲ။ ဒါကိုကျနော်တို့ ကန့်ကွက်နေတာတော့ မဟုတ်ပါဘူး။ သို့သော်… အဲ့ဒီကထွက်တဲ့ လျှပ်စစ်မီးတွေဟာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ… ရန်ကုန်သွားတယ်ဗျာ… မန္တလေးသွားတယ်ဗျာ... အစိုးရအဆောက်အဦးကြီးတွေမှာ သွားတယ်ဗျာ… ဒေသခံတွေမှာ ကျနော် မိတ်တုတ်မိတ်တုတ်နဲ့ ပိုးစုန်းကျူးမြို့လို့တောင် ကျနော်တို့တင်စားတယ်။ အဲ့ဒီအခြေခံလေးတွေကို စဉ်းစားပြီးတော့မှ ပြောတာပါ။ ကျနော်တို့ကန့်ကွက်နေတာတော့ မဟုတ်ဘူး။”

ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့ ကရင်နီပြည်လွိုင်ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာမှာ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီအကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲမှာ KNPP အတွင်းရေးမှူး-၁ ခူဦးရယ် ပြောကြားသွားတာပါ။

အစိုးရနဲ့ KNPP တို့အကြား ပဏာမအဆင့် အပစ်ခတ်ရပ်စဲရေးသဘောတူပြီးတဲ့နောက် နှစ်ဦးနှစ်ဘက်ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အမှတ် -၂ လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီး ဦးခင်မောင်စိုးက အခုလိုပြောပါတယ်။

“ဒီနေ့ ကယားပြည်နယ်ကတော့ ကျနော်သိရသလောက် ရှားတောဆိုရင် ဦးစားပေးတဲ့အထဲမှာ ပါတယ်။ နောက်ပြီးတော့ ဒီဘက်က အနောက်ဘက်ဆိုရင် ဦးစားပေးတဲ့အထဲမှာ ပါတယ်။ အခုလို ငြိမ်းချမ်းရေးရပြီးတော့ လုံခြုံရေးကောင်းလာပြီဆိုရင် ကျနော်တို့လျှပ်စစ်ပိုင်းက တောက်လျောက်ဝင်လာမှာပါ။ တောက်လျောက်ဝင်လာပြီဆိုရင် ကယားပြည်နယ် ဒီကျနော်တို့ သက်တန်းငါးနှစ်အတွင်းမှာ မရဘူးဆိုတာမရှိဘူး။ ၂၅ရာခိုင်နှုန်းလောက်… အရမ်းဝေးလှန်နေခဲ့တဲ့ ဒေသတွေတို့ လျှပ်စစ်ဓါတ်အားရသွားမှာဖြစ်ပါတယ်။”

သတင်းစာရှင်းလင်းပွဲမှာ လျပ်စစ်ဝန်ကြီးဌာန၀န်ကြီး ဦးစိုးသိန်းကလည်း ယခုလို ဖြည့်စွက်ပြောဆိုသွားပါတယ်။

“political issue ကိုဆွေးနွေးနေတဲ့ တပြိုင်နက်မှာဘဲ ဖွံ့ဖြိုးရေးလုပ်မယ်။ အဲ့ဒီဖွံ့ဖြိုးရေးတွေက ပြည်ပကလှူတမ်းတဲ့ အဖွဲ့အစည်းတွေနဲ့ ပါဝင်လာနိုင်တဲ့အတွက်ကြောင့် တချို့လမ်းတွေ ပြုပြင်ဖို့… စဉ်းစားစရာအကြောင်းတွေအများကြီးပါမှာပါ။ ဒီကယားပြည်နယ်-ကရင်နီပြည်နယ် အနေနဲ့ သိပ်မခက်ခဲတာကတော့ လူဦးရေနည်းပါးခြင်း၊ မြို့အရေအတွက်နည်းပါးခြင်း ဖြစ်တဲ့အတွက်ကြောင့် တော်ရုံတန်ရုံကူညီလိုက်မယ်ဆိုလို့ရှိရင်တော့ မကြာခင်မှာ ဖွံ့ဖြိုးလာလိမ့်မယ်၊ လမ်းတွေလဲကောင်းလာမယ်၊ မီးတွေလဲကောင်းလာမယ်လို့ ကျနော်ယုံကြည်ပါတယ်။”

ဒါကတော့ကျနော်တို့နိုင်ငံ ၊ ကျနော်တို့ပြည်နယ်ကို စီမံခန့်ခွဲနေတဲ့အစိုးရ၊ ကျနော်တို့ပြည်သူ
တွေကို စီမံအုပ်ချုပ်မယ့်သူတွေရဲ့ဆွေးနွေးချက်နဲ့ ပြောကြားချက်တွေပဲဖြစ်ပါတယ် ။

“လျှပ်စစ်က ကရင်နီပြည်မှာ ၂၀ ရာခိုင်နှုန်းသုံးတယ်ဆိုရင် မီကာဝတ် ၄၀ လောက်ရှိမယ်။ ဒါပေမယ့် ကရင်နီပြည်မှာလျှပ်စစ်ရတဲ့နေရာက လွိုင်ကော် ၊ ဒီးမောဆို ၊ ဖရူဆိုနဲ့ အရင်နှစ် (၂၀၁၁) ကဆိုရင်ဘောလခဲ ကိုရောက်လာတယ်။ အဲ့လောက်ပဲ။ လွိုင်ကော်တောင်မှ အကုန်မရပါဘူး။ လုပ်ငန်းကြီးတွေ စက်ရုံနဲ့ ရုံးတွေမှာလောက်ပဲ ရပါတယ်။ မြို့ရဲ့နံဘေးဖက်မှာဆိုရင် မီးအားမရှိဘူး။ တချို့ ထမင်းချက်တာတောင်မကျက်ဘူး။ နေ့ခင်းတွေမှာတောင်မီးအားမရှိဘူး။ ဒါကြောင့်ကျနော်ထင်တယ် ကရင်နီပြည်မှာသုံးနေတဲ့မီးအားဟာ မီကာဝတ် ၄၀ မရှိဘူး။ ရေကာတာတည်ဆောက်တဲ့အချိန်ကစပြီး ဆောက်ပြီးတဲ့အထိ ကျေးရွာပေါင်းနှစ်ဆယ်လောက် အတင်းပြောင်းရွှေ့ နေထိုင်ခဲ့ကြရတယ်။ အိမ်ခြေနဲ့တွက်ရင် ၂၀၀၀ လောက်ရှိတယ်။ ဆိုတော့ အဲ့လောက်အိမ်ခြေနဲ့ဆိုရင် လူဦးရေသောင်းနဲ့ချီပြီး ရွှေ့ပြောင်းခဲ့ရမလားပေါ့။ စက်ရုံဆောက်ပြီးတဲ့အချိန် လူတွေထပ်ပြီးရွှေ့ပြောင်းရပါသေးတယ်။”

KDRG တာဝန်ခံ ခူတော်ရယ်ကဆက်လက်ရှင်းပြသွားတာပါ။

ဒေါဖိုးကြည်ရွာကနေ မထွက်ခွာခင် ကားလမ်းမနဲ့လျှပ်စစ်ဓါတ်တိုင်နှံဘေးက အိမ်လေးထဲကိုဝင်ပြီး နှုတ်ဆက်စကားပြောခဲ့တဲ့အချိန်မှာတော့ အိမ်ရှေ့ဝါးရံတန်မှာ ၁၀နှစ်အောက်ကလေးငယ်နှစ်ယောက်နဲ့ အတူထိုင်နေတဲ့ မိခင်တစ်ဦးက….

“ကျမတို့ဘဝကတခါမှမီးမရတော့ပါဘူး…”

ဒေါဖိုးကြည်လို မီးမရတဲ့ကရင်နီဒေသခံတွေအတွက် လာမယ့်ရှေ့ အနာဂတ်မှာ မီးတွေ အသုံးပြုနိုင်ဖို့ ယခုလက်ရှိ KNPP နဲ့အစိုးရတို့ ကြားမှာ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုတွေ ဘယ်လောက်အထိ အလားအလာကောင်းမလဲ ဆိုတဲ့အပေါ်မှာ မူတည်နေတယ်လို့တော့ ပြောလို့မရပါဘူး။

အဓိက က လျှပ်စစ်ထွက်တဲ့ပြည်နယ်မှာ နေထိုင်လာခဲ့ကြတဲ့ ကရင်နီပြည်သူပြည်သားတွေအတွက် လျှပ်စစ်မီးသုံးနိုင်ဖို့ ဆောင်ရွက်ပေးရမယ့်သူက လက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အစိုးရပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအမှောင်ထုထဲမှာနေထိုင်လာခဲ့ကြတဲ့ ကရင်နီပြည်သူပြည်သားတွေ မကြာခင်မှာ အလင်းတန်းတွေခံစားခွင့်ရကြပါစေ…

မှတ်ချက်။    ။ ၂၀၁၂နှစ် ဧပြီလ ၁၀ရက်နေ့တွင် ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှ ထုပ်လွင့်ထားသော ရုပ်ရှင်မှတ်တမ်းကို ပြန်လည်ဖေါ်ပြထားခြင်းဖြစ်သည်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons